တရုတ်နိုင်ငံ၏ နွားမွေးမြူရေးကဏ္ဍအပေါ် ခြုံငုံသုံးသပ်ချက်
နိုင်ငံတစ်နိုင်ငံ၏ မွေးမြူရေးနည်းပညာများကို မလေ့လာမီ၊ ယင်းနိုင်ငံ၏ မွေးမြူရေးကဏ္ဍသည် စီးပွားရေး အရ မည်မျှအရေးပါသည်၊ မည်မျှ ကြီးမားသည် စသည်တို့ကို ကြိုတင်သိရှိထားရန် လိုအပ်ပါသည်။ သို့မှသာ ယင်းနိုင်ငံ၏ အခြေအနေနှင့် ကျင့်သုံးနေသည့် နည်းပညာများအကြောင်းကို ရေလည်စွာ နားလည်နိုင်မည် ဖြစ်ပါသည်။
စာရေးသူအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပံ့ပိုး ကူညီမှုဖြင့် တရုတ်နိုင်ငံ Shaanxi ပြည်နယ်၊ Yangling Agricultural Hi-tech Demonstration Zone ရှိ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ (Shanghai Cooperation Organization) တွင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၈ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်သည့် “ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အသားစားနွားမွေးမြူရေးနှင့်၊ နို့စားနွားမွေးမြူရေး ဘက်စုံနည်းပညာ ဆွေးနွေးပွဲ” သို့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၏ တာဝန်ပေးချက်အရ တက်ရောက်ခဲ့ရပါသည်။ အဆိုပါ ဆွေးနွေးပွဲအတွင်း လေ့လာသိရှိခဲ့ရသည့် နို့စားနွားနှင့် အသားစားနွားမွေးမြူရေး နည်းပညာများ ကို မြန်မာ့မွေးမြူရေးကဏ္ဍမှ သက်ဆိုင်သူများအားလုံး ထပ်ဆင့်လေ့လာသိရှိနိုင်ရန်အတွက် အခန်းဆက် ဆောင်းပါးများအဖြစ် ကြိုးစားတင်ပြသွားမည် ဖြစ်ပါသည်။
သို့ဖြစ်ရာ နည်းပညာများအကြောင်း စတင်၍ မဆွေးနွေးမီ၊ တရုတ်နိုင်ငံ၏ နွားမွေးမြူရေးကဏ္ဍအကြောင်း တစေ့တစောင်းကို ဦးစွာ မိတ်ဆက်တင်ပြလိုပါသည်။
တရုတ်နိုင်ငံတွင် နွားမွေးမြူရေးကို စားနပ်ရိက္ခာထုတ်လုပ်မှုအဖြစ် လုပ်ကိုင်လာကြခြင်း
ရိုးရာအစဉ်အလာနှင့် ယဉ်ကျေးမှုအရ တရုတ်လူမျိုးများ၏ နွားနို့သောက်သုံးမှုနှင့် အမဲသားစားသုံးမှုမှာ အလွန် နည်းပါးခဲ့ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်က စတင်ခဲ့သည့် တရုတ်လူ့ယဉ်ကျေးမှု (civilization) တလျှောက် လယ်ယာနှင့် ဥယျာဉ်ခြံ စိုက်ပျိုးခြင်းကို ရာစုနှစ်ပေါင်းများစွာ ဦးစားပေးလုပ်ကိုင်ခဲ့ကြပါသည်။ ထိုသို့စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ရာတွင် နွားများကို လယ်ယာလုပ်ငန်းခွင်တွင် ခိုင်းစေရန်အတွက်သာ အဓိက အသုံးချခဲ့ ကြပါသည်။
ဒေသနွားမျိုးများကို လုပ်အားအတွက် အသုံးချရန်သာ အဓိကဦးစားပေး၍ ရွေးချယ်သားစပ်ခဲ့ခြင်းကြောင့် ဒေသခံနွားမျိုးများသည် နို့နှင့် အသား ထုတ်လုပ်မှုအတွက် လုံလောက်သည့် မျိုးဗီဇမပါရှိဘဲ ထုတ်လုပ်မှု အလွန် နည်းပါးခဲ့ပါသည်။
၁၉၇၈ ခုနှစ်တွင်စတင်ခဲ့သည့် တရုတ်နိုင်ငံ၏ တံခါးဖွင့်စီးပွားရေးမူဝါဒနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအမံများကြောင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် တစ်ဦးချင်းဝင်ငွေများ တိုးတက်လာကာ နို့သောက်သုံးမှုနှင့် အသားစားသုံးမှု မြင့်တက်လာပါသည်။ တပြိုင်နက်တည်းတွင် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းလာရာ၊ လယ်ယာလုပ်ငန်းခွင်တွင် နွားများကို ခိုင်းစေရန် မလိုအပ်တော့သည့် အခြေအနေသို့ ရောက်ရှိလာပါသည်။ ယင်းအခြေအနေတွင် “လယ်ယာလုပ်ငန်းခွင်အတွက်ရည်ရွယ်သော နွားမွေးမြူရေး” မှ “အ ရည်အသွေး မြင့် အသားဓာတ်စားနပ်ရိက္ခာအတွက် ရည်ရွယ်သော နွားမွေးမြူရေး” အဖြစ်သို့ ကူးပြောင်းလာခြင်း ဖြစ်ပါသည်။ တရုတ် လူ့အဖွဲ့အစည်း၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ယခုအခါ နို့နှင့် အမဲသား ထုတ် လုပ်မှု ပမာဏ မြင့်မားရေးအပြင် အရည်အသွေးမြင့်မားရေးနှင့် အရသာကောင်းမွန်ရေးကို ဦးတည်လာနေသည်ကို တွေ့ရှိရပါသည်။
နို့စားနွားမွေးမြူရေးကဏ္ဍ
တရုတ်နိုင်ငံ၏ နို့စားနွားမွေးမြူရေးကဏ္ဍတွင် နို့စားနွားမကောင်ရေ ၇ သန်း ဝန်းကျင်မွေးမြူထားပြီး အများစုမှာ Holsteins Frisian နွားမျိုးများ ဖြစ်ကြပါသည်။ ၂၀၀၁ ခုနှစ်တွင် နို့စားနွားမကောင်ရေ ၅.၇ သန်းရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၇.၁ သန်း ခန့်အထိ တိုးတက်လာခြင်း ဖြစ်ပါသည်။ နို့စားနွားအများစုကို နိုင်ငံ၏မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် အဓိကမွေးမြူထားခြင်း ဖြစ်ပါသည်။ အထူးသဖြင့် Inner Mongolia ၊ Heilongjiang ၊ Hebei ။ Ningxia ၊ Shaanxi နှင့် Shanxi ပြည်နယ်များတွင် အများအပြား မွေးမြူထားကြခြင်း ဖြစ်ပါသည်။
China Business Industry Research Institute ၏ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၂၃ ခုနှစ်တွင် တရုတ် နိုင်ငံ နို့စားနွားမွေးမြူရေးကဏ္ဍ၏ တန်ဖိုးမှာ တရုတ်ယွမ်ငွေ (RMB) ၅၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၉.၆ ဘီလီယံ) ဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ ၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) မှာ အမေရိကန်ဒေါ်လာ ၆၄.၅ သန်း ဖြစ်ပါသည်။ Huajing Industrial Research Institute ၏ ခန့်မှန်းချက်များအရ တရုတ်နို့စားနွား မွေးမြူရေးကဏ္ဍသည် နှစ်စဉ်တိုးတက်နှုန်း (CAGR) အနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အကြား တွင် နှစ်စဉ်ပျမ်းမျှ ၅.၃ ရာခိုင်နှုန်းရှိခဲ့ပြီး၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြားတွင် နှစ်စဉ် ပျမ်းမျှ ၄.၈ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု ခန့်မှန်းထား ပါသည်။
တရုတ်အမျိုးသားစာရင်းအင်းဗျူရို (National Bureau of Statistics – NBS) ၏ အစီရင်ခံစာအရ နှစ်စဉ် နို့ထွက်ပစ္စည်းထုတ်လုပ်မှုမှာ တန်ချိန် ၃၀.၅ သန်းခန့်ရှိကြောင်း သိရှိရပါသည်။ နို့ထုတ်လုပ်မှုပမာဏမှာ ၂၀၁၃ ခုနှစ် တွင် တန်ချိန် သန်း ၃၀ သာ ထုတ်လုပ်ခဲ့ရာမှာ ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၃၉.၃၁ သန်းအထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

နို့ထုတ်လုပ်မှု မြင့်မားသော်လည်း နို့မှုန့်ထုတ်လုပ်မှုမှာ လျော့နည်းကျဆင်းလာသည်ကို ထူးခြားစွာ တွေ့ရှိရပါသည်။ ၂၀၁၃ ခုနှစ်တွင် တရုတ်ပြည်တွင်း နို့မှုန့်ထုတ်လုပ်မှုမှာ တန်ချိန် ၁.၆ သန်း ရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ် တွင် တန်ချိန် ၁ သန်းသာ ထုတ်လုပ်တော့သည်ကို တွေ့ရှိရပါသည်။ အကြောင်းအရင်းမှာ တရုတ်နိုင်ငံနှင့် အခြား မိတ်ဘက်နိုင်များအကြား ကုန်သွယ်ရေး ကွာဟချက် ကျဉ်းမြောင်းစေရန်အတွက် ထိုနိုင်ငံများမှ နို့မှုန့်များကို ဝယ် ယူတင်သွင်းခြင်းကြောင့် ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်တွင် ပြည်ပမှ နို့မှုန့် တန်ချိန် ၁.၃ သန်း တင်သွင်းခဲ့ရာမှ ၂၀၂၁ ခုနှစ်အရောက်တွင် တန်ချိန် ၃.၉၅ သန်း အထိ တိုးမြှင့်တင်သွင်းလာခဲ့ကြောင်း တွေ့ရှိရပါသည်။

လတ်တလောတွင် အသေးစား နို့စားနွားမွေးမြူသူများအတွက် စီးပွားရေးအရ တွက်ချေကိုက်မှု လျော့နည်းလာသည်ဟု သိရှိရပါသည်။ ပြည်ပမှ နို့မှုန့်တင်သွင်းမှုမြင့်မားခြင်း၊ ကိုဗစ်-၁၉ နှင့် ရုရှား-ယူကရိန်းစစ်ပွဲနောက်ပိုင်း စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးသွားကာ စားသုံးသူများ၏ ဝယ်လိုအား ကျဆင်းလာခြင်းနှင့် လူဦးရေတိုးတက်မှုနှုန်း (ကလေးမွေးဖွားနှုန်း) ကျဆင်းလာခြင်းတို့က ပြည်တွင်းထွက် နို့နှင့် နို့ထွက်ပစ္စည်းသောက်သုံးမှုကို လျော့နည်း ကျဆင်းလာစေလျက် ရှိနေပါသည်။
တရုတ်အစိုးရအနေဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် မူဝါဒပိုင်း ခိုင်ခိုင်မာမာ ချမှတ်ကာ ဆောင်ရွက်လျက်ရှိသည်ဟု သိရပါသည်။ ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော်ကောင်စီက “နိုင်ငံအတွင်းရှိ နို့စားနွားမွေးမြူ ရေးလုပ်ငန်း မဖွံ့ဖြိုးသေးသော ဒေသများ (ဥပမာ နိုင်ငံတောင်ပိုင်းဒေသများ) တွင် နို့စားနွားမွေးမြူရေးကို ဖွံ့ဖြိုးတိုး တက်လာအောင် ဆောင်ရွက်ရန်” လမ်းညွှန်ခဲ့သည်ဟု သိရပါသည်။ ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်သည့် တရုတ်အစိုးရ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာန၏ “၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” တွင် “၂၀၂၅ ခုနှစ်တွင် နို့နှင့် နို့ထွက်ပစ္စည်း တန်ချိန် ၄၁ သန်းအထိ ထုတ်လုပ်နိုင်ရန် ရည်မှန်းချက်ထား ဖော်ပြထားသည်ကို တွေ့ရှိရသည်။
လက်ရှိအခြေအနေတွင် တရုတ်နိုင်ငံရှိ နို့စားနွားမတစ်ကောင်၏ တစ်နှစ် (ရက် ၃၀၀ အပေါ် အခြေခံတွက် ချက်မှု) အရ နို့ထွက်နှုန်းမှာ ၉၈၀၀ ကီလိုဂရမ် ဖြစ်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် တစ်ရက် ပျမ်းမျှနို့ထွက်နှုန်း မှာ ၃၀-၃၅ ကီလိုဂရမ် ခန့်ရှိပြီး၊ တစ်ရက်ပျမ်းမျှ ထုတ်လုပ်မှု ကီလိုဂရမ် ၅၀ အထိ ရရှိနိုင်ရေး ရည်မှန်းချက်ထားကာ မျိုးဗီဇ၊ စီမံခန့်ခွဲမှုနှင့် အာဟာရဆိုင်ရာ နည်းပညာပိုင်း မြှင့်တင်နိုင်ရေး ကြိုးပမ်းလျှက်ရှိသည်ဟု သိရှိရပါသည်။
အသားစားနွားမွေးမြူရေးကဏ္ဍ
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အသားထုတ်လုပ်မှု၊ စားသုံးမှုနှင့် တင်သွင်းမှု အများဆုံးနိုင်ငံ ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်တွင် အသားတန်ချိန် စုစုပေါင်း ၉၂.၂၇ သန်း ထုတ်လုပ်ခဲ့ပြီး၊ ယခင်နှစ်ကထက် ၃.၈ ရာခိုင်နှုန်း တိုးတက် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဝက်သားကို အဓိကထား၍ စားသုံးကြပြီး ၂၀၂၂ ခုနှစ်တွင် ဝက်သား တန်ချိန် ၅၅.၄၁ သန်း ထုတ်လုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။
စားသုံးမှုအနေဖြင့် စားသုံးသည့် အသားပမာဏ၏ ၆၀ ရာခိုင်နှုန်းမှာ ဝက်သားဖြစ်ပြီး၊ ကြက်သား ၂၀ ရာခိုင် နှုန်း၊ အမဲသား ၁၀ ရာခိုင်နှုန်းနှင့် အခြားအသားအမျိုးမျိုး ၁၀ ရာခိုင်နှုန်းခန့် ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၂၀၂၂ ခုနှစ် တွင် အမဲသားတန်ချိန် ၁၀ သန်းခန့် စားသုံးခဲ့သည်ဟု သိရှိရပါသည်။
တရုတ်ပြည်တွင်း ထုတ်လုပ်မှုအနေဖြင့် ၂၀၂၃ ခုနှစ်တွင် အသားစားနွားကောင်ရေ ၅၂.၅၇၅ သန်း မွေးမြူ ထားပြီး၊ အမဲသားတန်ချိန် ၇.၄ သန်း ထုတ်လုပ်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဌာန (USDA) ၏ Foreign Agricultural Services က ခန့်မှန်းထားပါသည်။ တစ်နိုင်ငံလုံး မွေးမြူထားသည့် နွားကောင်ရေ စုစုပေါင်း မှာ ၈၄.၅၄ သန်း ဖြစ်ပြီး ယူနန်ပြည်နယ်သည် နွားကောင်ရေအများဆုံး ဖြစ်ပါသည်။
၂၀၂၄ ခုနှစ် ဧပြီလတွင် ကျင်းပသည့် မဲခေါင်မြစ်ဝှမ်း အထက်ပိုင်းဒေသများ ခွာနာလျှာနာရောဂါ ထိန်းချုပ် ရေးလုပ်ငန်းအဖွဲ့ (UMWG) ၏ ၁၅ ကြိမ်မြောက် အစည်းအဝေးသို့ တင်သွင်းသည့် တရုတ်နိုင်ငံ ကိုယ်စားလှယ်၏ အစီရင်ခံစာအရ၊ ၂၀၂၃ ခုနှစ်အတွင်း တရုတ်ပြည်တွင်းသို့ အမဲသားတန် ချိန် ၂.၇၄ သန်း တင်သွင်းခဲ့ပြီး၊ အများစု (၄၄ ရာခိုင်နှုန်း) မှာ ဘရာဇီးလ်နိုင်ငံမှ ဖြစ်ပါသည်။ အာဂျင်တီးနားမှ ၂၀ ရာခိုင်နှုန်း၊ ဥရုဂွေးမှ ၁၀ ရာခိုင်နှုန်း၊ ဩစ တေးလျ မှ ၈ ရာခိုင်နှုန်း၊ နယူးဇီလန်မှ ၇ ရာခိုင်နှုန်း နှင့် အခြားနိုင်ငံများမှ ၁၁ ရာခိုင်နှုန်း တင်သွင်းကြောင်း လေ့လာ တွေ့ရှိရပါသည်။ ၂၀၁၈ ခုနှစ်တွင် အမဲသားတန်ချိန် ၁.၀၄ သန်းသာ တင်သွင်းခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၂.၇ ဆခန့် တိုးတက် တင်သွင်းလာခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။

နွားအရှင်တင်သွင်းမှု တွင် လာအိုနိုင်ငံမှ နွားကောင်ရေ ၅၈၄ ကောင် ကို နယ်စပ်ကုန်သွယ်ရေးမှတဆင့် တရားဝင်တင်သွင်းခဲ့ပြီး၊ တရားမဝင်လမ်းကြောင်းမှ မည်မျှတင်သွင်းခဲ့သည် ကို မသိရှိရကြောင်း ဖော်ပြထားပါ သည်။ မြန်မာနိုင်ငံမှ တရားဝင်တင်သွင်းမှု လုံးဝ မရှိခဲ့သော်လည်း တရားမဝင် မှောင်ခိုတင်သွင်းသည့်ကောင်ရေ ၂ သိန်းကျော် ရှိခဲ့သည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
တရုတ်နိုင်ငံတွင် အသားထုတ်လုပ်မည့် နွား၊ ကျွဲ များ၏ ပျမ်းမျှဈေးနှုန်းအနေဖြင့် ၄၀၀ ကီလိုဂရမ် အလေး ချိန်ရှိသော နွားတစ်ကောင်လျှင် အမေရိကန်ဒေါ်လာ ၁,၉၉၂ တန်ကြေးရှိပြီး၊ အရှင်ချိန် တစ်ကီလိုဂရမ်လျှင် အမေ ရိကန်ဒေါ်လာ ၄.၉၈ ကျသင့်ပါသည်။ ၄၀၀ ကီလိုဂရမ် အလေးချိန်ရှိသော ကျွဲတစ်ကောင်လျှင် အမေရိကန်ဒေါ်လာ ၁,၆၆၀ တန်ကြေးရှိပြီး၊ အရှင်ချိန် တစ်ကီလိုဂရမ်လျှင် အမေ ရိကန်ဒေါ်လာ ၄.၁၅ ကျသင့်ပါသည်။
တရုတ်အစိုးရ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက ၂၀၂၄ ခုနစ် ဇွန်လတွင် ထုတ်ပြန်ခဲ့ သော ကိန်းဂဏန်းများအရ အမဲသား တစ်ကီလိုဂရမ်၏ ပျမ်းမျှ လက်ကားဈေးနှုန်းမှာ ၆၁.၂၀ ယွမ် (အမေရိကန် ဒေါ်လာ ၈.၄၅) ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းနှင့် နှိုင်း ယှဉ်ပါက ၁၄.၅ ရာခိုင်နှုန်း ဈေးနှုန်းလျော့ကျ လာခဲ့ကြောင်း၊ ယခင်နှစ် ကာလတူအောက် ၁၇.၄ ရာခိုင်နှုန်း လျော့နည်းလာကြောင်း သိရှိရပါသည်။
နောက်ဆုံးစားသုံးသူက ဝယ်ယူစားသုံးရသည့် လက်လီဈေးနှုန်းမှာ နေရာဒေသ၊ အသားအရည်အသွေးတို့ ပေါ်မူတည်၍ ကွဲပြားခြားနားကြောင်း တွေ့ရှိရသည်။ တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်း ဗျူရို (National Bureau of Statistics – NBS) က ထုတ်ပြန်သော ကိန်းဂဏန်းများအရ ၂၀၂၄ ဧပြီလတွင် အရိုးမပါသော အမဲသား (boneless beef) တစ်ကီလိုဂရမ် ၏ လက်လီ ဈေးနှုန်းမှာ ၇၂.၅၈ ယွမ် (အမေရိကန်ဒေါ်လာ ၁၀) ခန့် ကျသင့်ပြီး၊ ယခင်နှစ် ကာလတူအောက် ၁၄ ရာခိုင်နှုန်း လျော့ ကျလာကြောင်း တွေ့ရှိရပါသည်။
အနှစ်ချုပ် သုံးသပ်ချက်
တရုတ်နိုင်ငံ၏ နွားမွေးမြူရေးကဏ္ဍသည် “လယ်ယာလုပ်ငန်းခွင်အတွက်ရည်ရွယ်သောနွားမွေးမြူရေး” မှ “အရည်အသွေးမြင့် အသားဓာတ်စားနပ်ရိက္ခာအတွက်ရည်ရွယ်သော နွားမွေးမြူရေး” အဖြစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းလာနေပါသည်။
ထိုသို့ ကူးပြောင်းရာတွင် ခေတ်မီ နို့စားနွားနှင့် အသားစားနွား မွေးမြူရေးလုပ်ငန်းများ အလျင်အမြန် တိုး တက်ဖွံ့ဖြိုးလာနိုင်ရန်အတွက် အခွင့်အလမ်းများစွာ ရှိနေပါသည်။ တရုတ်လူ့အဖွဲ့အစည်း၏ စီးပွားရေးဘဝ မြင့်မား လာခြင်း၊ ကမ္ဘာ့လူဦးရေ ဒုတိယအများဆုံးနိုင်ငံဖြစ်သဖြင့် ပြည်တွင်းဈေးကွက် အခိုင်အမာ ရရှိထားခြင်း၊ ခေတ်မီ နည်းပညာနှင့် တီထွင်ဆန်းသစ်နိုင်မှု မြင့်မားလာခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ကြွယ်ဝလာခြင်း၊ ဆိုရှယ်လစ် ဈေး ကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသဖြင့် နွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် စီမံကိန်းများကို နိုင်ငံတော် က ကမကထပြုကာ ရင်းနှီးမြှုပ်နှံနိုင်ခြင်း အစရှိသည်တို့မှာ အလွန်အရေးပါသည့် အခွင့်အလမ်းများ ဖြစ်ပါသည်။
သို့သော် အခက်အခဲ စိန်ခေါ်မှုများ လည်းရှိနေပြီး လက်ရှိတွင်လည်း ရင်ဆိုင်ကျော်လွှားနေရပါသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ နောက်ပိုင်း ကမ္ဘာတလွှားဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်း နှေးကွေးမှု၊ တရုတ်နိုင်ငံ၏ မွေးဖွားနှုန်းလျော့ကျလာမှု၊ ကုန်သွယ်ရေးသဘောတူညီမှုများကြောင့် ပြည်ပမှ နို့ထွက် ပစ္စည်းများ အမြောက်အများ တင်သွင်းနေမှု၊ တရုတ်နိုင်ငံ၏ စိုက်ပျိုးနိုင်သော မြေဧရိယာနှင့် ရေ ရရှိမှုတို့မှာ အခြားသော နွားမွေးမြူရေးထွန်းကားသည့် နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နည်းပါးသဖြင့် စားကျက်လွှတ်ကျောင်းစနစ်ကို မကျင့်သုံးနိုင်သဖြင့် အစာဖိုးကုန်ကျစရိတ် ကြီးမြင့်မှုများက အဓိကကျသောစိန်ခေါ်မှုများ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
စိန်ခေါ်မှုများကို ကျော်လွှားရာတွင်၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည်ပင်လျှင် ဈေးကွက်စီးပွားရေးကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ခြင်း၊ ကုန်စည်ကွင်းဆက်တလျှောက်လုံး ဖွံ့ဖြိုးရေးကို ဟန်ချက်ညီစွာ ဖြင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုကို အားပြုခြင်း အစရှိသည့် နည်းဗျူဟာများကို အသုံးပြုလျက်ရှိသည်ကို တွေ့ရှိရပါသည်။
ကိုးကားချက်များ
(၁) “ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အသားစားနွားမွေးမြူရေးနှင့်၊ နို့စားနွားမွေးမြူရေး ဘက်စုံနည်းပညာ ဆွေးနွေးပွဲ” မှတ်စုများ
(၂) China’s Dairy Industry – Market Trends and Opportunities by Arendse Huld (China Briefing)
(၃) Investing in China’s Meat Industry: Trends and Opportunities by Giulia Interesse (China Briefing)
(၄) Country Report of PRC to 15th Meeting of the Upper Mekong Working Group on Foot and Mouth Disease Zoning and Animal Movement Management by Miao Haisheng (Research Fellow, Yunnan Animal Science and Veterinary Institute)
(၅) China’s ‘freedom to eat beef’ belies farmers’ mood of udder chaos as cash cow hits tipping point (South China Morning Post, 24 June 2024)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related articles
မြန်မာနိုင်ငံတွင်းရှိ အင်းချောင်းလုပ်ငန်းများအကြောင်း
လူ့အမြင်..နွားအမြင်
ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုဖြစ်ပွားခဲ့သော ငါးမွေးမြူရေးကန်များအပေါ် ပြန်လည်ကုစားဆောင်ရွက်နည်းများ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025