Green Way
နွားကလေးမွေးခြင်း - မမွေးခင်နှင့် မွေးပြီးနောက် နွားမကြီးစီမံခန့်ခွဲမှု

နွားကလေးမွေးခြင်း - မမွေးခင်နှင့် မွေးပြီးနောက် နွားမကြီးစီမံခန့်ခွဲမှု

MDEP
MDEP MDEP 22/12/2020

    နွားမကြီးနွားကလေးမွေးချိန်တွင် ကောင်းစွာစီမံခြင်းဖြင့် မွေးဖွားရလွယ်ကူစေခြင်း၊ မွေးပြီးနောက် ကျန်းမာစွာရှိခြင်း၊ နို့ပေးကာလအစောပိုင်းတွင် နို့ထွက်နှုန်းများခြင်း စသည်တို့ ရရှိနိုင်ပါသည်။ 

    မွေးဖွားချိန်ရှိ ကိုယ်ခန္ဓာအနေအထားသည် အရေးကြီးပါသည်။ အကယ်၍ ဝလွန်းနေလျှင် မွေးဖွားချိန်တွင် မွေးရခက်ခြင်းနှင့် ဇီဝကမ္မချို့ယွင်းမှုရောဂါများ ဖြစ်နိုင်သည်။ အကယ်၍ ပိန်လွန်းနေလျှင် မွေးပြီးနောက် နို့များများထုတ်လုပ်ရန်နှင့် နောက်ထပ်သားမြန်မြန်ရရန် ရုန်းကန်ရမည်။ မွေးဖွားချိန်ရှိ ကိုယ်ခန္ဓာအနေအထားသည် ပုံတွင်ပြထားသည့် အတိုင်းဖြစ်သင့်သည်။

    နွားမနို့နားခါနီးတွင် မှန်ကန်သည့် ကိုယ်အလေးချိန်ရှိစေရန်နှင့် နို့နားကာလတစ်လျှောက်လုံး ထိုအတိုင်းရှိနေအောင် ထိန်းထားရမည်။ ကိုယ်ဝန်ဆောင်ကာလအလယ်ပိုင်းတွင် နွားမကို ကိုယ်အလေးချိန်တက်အောင် ပြုလုပ်ရခြင်းသည် ကိုယ်ဝန်ဆောင်ကာလနောက်ပိုင်းတွင် ပြုလုပ်ရခြင်းထက် လွယ်ကူသည်။ ကိုယ်ဝန်ဆောင်ကာလနောက်ပိုင်းတွင် အစာအိမ်ဘေးရှိ နွားကလေးသည် ဝမ်းဗိုက်အတွင်းနေရာ ပိုယူလာသည့်အတွက် အစာအိမ်၏နေရာ ကျဉ်းသွားပြီး အစာပမာဏများများ မစားနိုင်တော့ပေ။ ဝမ်းဗိုက်အတွင်းရှိ နွားကလေးသည် ကြီးထွားရန်အတွက် စွမ်းအင်ဓာတ်အများကြီး အသုံးပြုရပြီး ထိုစွမ်းအင်ဓာတ်ကို မိခင်ဆီမှ ရယူသုံးစွဲသည်။

    နွားမကြီးသားမွေးပြီးနောက် နို့စပေးချိန်တွင် ၎င်း၏ခန္ဓာကိုယ်မှ စွမ်းအင်ဓာတ်နှင့် အသားဓာတ်ကို နို့အတွင်းသို့ များစွာထည့်ပေးရသည်။ ထို့ပြင် အရိုးအတွင်းမှ ကယ်လ်စီယမ်ဓာတ်ကို နို့အတွင်းသို့ ထည့်ပေးရသေးသည်။ ဒါဟာ နွားကလေးမွေးပြီးနောက် နို့ရောင်ဖျား၊ ကီတိုးဆစ်ကဲ့သို့သော ဇီဝကမ္မချို့ယွင်းမှုရောဂါများ ဖြစ်လာစေနိုင်သည်။ နို့ရောင်ဖျားရောဂါသည် နွားကလေးမွေးပြီးနောက် နွားမကြီးတွင် ကယ်လ်စီယမ်ဓာတ် လုံလောက်မှုမရှိခြင်းကြောင့် ဖြစ်သည်။ ကီတိုးဆစ်ရောဂါသည် ခန္ဓာကိုယ်အလေးချိန် အလွန်မြန်မြန်ကျသွားခြင်းကြောင့်ဖြစ်သည်။ ဤရောဂါများသည် ထုတ်လုတ်မှုကောင်းသော နွားမများတွင် ပိုအဖြစ်များသည်။

    နို့ရောင်ဖျားရောဂါ၏ လဏ္ခာများမှာ အစာစားနှုန်းကျခြင်း၊ အားနည်းခြင်း၊ တဖြည်းဖြည်း မထနိုင်တော့သည်အထိ လဲကျသွားခြင်း တို့ဖြစ်သည်။ ဤရောဂါသည် မွေးပြီး ပထမပတ်တွင် ဖြစ်ပွားသည်။ မွေးဖွားချိန်တွင် နို့ရောင်ဖျားရောဂါဖြစ်ပွားမှုကို လျှော့ချရန် မမွေးခင် နို့နားကာလတွင် အစာ၌ ကယ်လ်စီယမ်ထည့်ကျွေးခြင်းမျိုး ရှောင်ရမည်။ မမွေးခင်ကာလတွင် လုံလောက်သည့် ကယ်လ်စီယမ်ရရှိအောင် နွားမ၏ခန္ဓာကိုယ်မှ ၎င်းကိုယ်တိုင် ပြုလုပ်မည်ဖြစ်သည်။ နွားကလေးမွေးပြီးသည်နှင့် ကယ်လ်စီယမ် ဖြည့်စွက်ထည့်ကျွေးရမည်။ နို့ပေးနွားမများကို DCP (Di-Calcium Phosphate) အမှုန့်ကျွေးနိုင်သည်။ နို့နားနွားမများကို ကျွေးရန်မလိုပါ။ အကယ်၍ နို့ရောင်ဖျားရောဂါပြဿနာရှိနေသေးလျှင် မမွေးခင် ၂ - ၃ ပတ် အလိုတွင် မဂ္ဂနီစီယမ် ကျွေးပေးရမည်။ မွေးပြီးနောက်တွင် ရက်သတ္တပတ်အနည်းငယ်အထိ မဂ္ဂနီစီယမ်နှင့် ကယ်လ်စီယမ်ကို ရောကျွေးပေးရမည်။ မက်ဂနီစီယမ်သည် ခန္ဓာကိုယ်မှ ကယ်လ်စီယမ်စုပ်ယူခြင်းကို အားပေးသည်။

    နောက်ပြဿနာတစ်ခုသည် နို့အုံရောင်ရောဂါဖြစ်သည်။ မမွေးခင် ၁ ပတ်အလိုခန့်တွင် နွားမ၏ နို့အုံသည် စတင်ကြီးကြီးလာသည်။ နို့တိုင်ရှိ နို့ပေးပြွန်လေးများ အနည်းငယ်ပွင့်လာပြီး နို့တိုင်အတွင်း နို့များဖြင့် ညှစ်ပတ်စေသည်။ ထို့ကြောင့် ဘက်တီးရီးယားပိုးများ နို့တိုင်အတွင်း စတင်ပေါက်ဖွားလာပြီး နို့အုံရောင်ရောဂါ ဖြစ်စေနိုင်သည်။ အကယ်၍ သင့်ခြံတွင် သားမွေးပြီးစနွားမများတွင် နို့အုံရောင်ရောဂါဖြစ်တတ်လျှင် မမွေးခင် ၁ ပတ်တွင်းမှစ၍ နို့တိုင်များကို အိုင်အိုဒင်းဆေးရည်ဖြင့် နှစ်ပေးရမည်။ နွားခြံအခင်းကို သန့်ရှင်းအောင်ထားရမည်။ နို့တိုင်များကို အိုင်အိုဒင်းဆေးရည်ဖြင့် ၁ နေ့ ၁ ကြိမ် နှစ်ပေးလျှင် နို့တိုင်များရှိ ဘက်တီးရီးယားပိုးများကို သတ်ပေးပြီး နို့အုံရောင်ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်မည်။

    မွေးခါနီး ၁ - ၂ ပတ် အလိုတွင် နွားမကို အစာအလွန်အများ မကျွေးသင့်ပါ။ မှန်ကန်သည့် ကိုယ်ခန္ဓာအနေအထားရအောင်သာ ထိန်းကျွေးသင့်သည်။ မွေးပြီးနောက် ကျွေးမည့် အစာနုပမာဏကို မမွေးခင် ၁ -၂ ပတ် အလိုမှစတင်၍ ဖြည်းဖြည်းချင်း တိုးကျွေးသွားရမည်။ အစာနုပမာဏ အပြောင်းအလဲမြန်လျှင် အဆီတိုးဆစ်ရောဂါ ဖြစ်နိုင်သည့်အတွက် ဖြည်းဖြည်းချင်းတိုးသွားခြင်းသည် ပိုကောင်းသည်။ အကြမ်းဖျင်းအားဖြင့် အစာနုကို ၁ နေ့လျှင် ၅၀ ကျပ်သား ထက် တိုးမကျွေးသင့်ပေ။ မမွေးခင် အစေ့အဆံအစာအကျွေးများလျှင် နို့မန်းတက်သည့်ပြဿနာ ဖြစ်နိုင်သည်။ အကယ်၍ ခြံတွင် နို့မန်းတက်သည့်ပြဿနာဖြစ်တတ်လျှင် မမွေးခင်ကာလ အနည်းငယ်ခန့်တွင် အစာနုကျွေးသည့် ပမာဏကို လျှော့ချသင့်သည်။ 

    လတ်တလော သားမွေးပြီးစနွားမများကို အရည်အသွေးကောင်းသည့် အစာစိမ်းကို ကျွေးနိုင်သမျှ များများကျွေးပေးရမည်။  မွေးပြီးပထမပတ်အတွင်းတွင် အရည်အသွေးအကောင်းဆုံး အစာစိမ်းကို စားချင်သမျှ စားနိုင်အောင် ကျွေးပေးဖို့ကြိုးစားသင့်သည်။ နို့ပေးကာလအစောပိုင်းတွင် နို့ထွက်နှုန်းမြင့်လေလေ နို့ပေးကာလတစ်လျှောက်လုံး၏ နို့ထွက်နှုန်းမြင့်လေဖြစ်သည့်အတွက် ထိုနွားမမျိုးကို ကောင်းစွာကျွေးနိုင်ဖို့ အလေးထားသင့်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
ကျော်ဇာနည်ဟိန်း

ကျော်ဇာနည်ဟိန်း

1 year ago

နို့ပေးကာလ လေးတွေသိချင်လို့ပါ

You
MDEP

Content provider

MDEP

Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာ​စေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....