Green Way
“ရွက်ထွင်းပိုးကို  သဘာဝနည်းတွေနဲ့ ဘယ်လို နှိမ်နင်းမလဲ”

“ရွက်ထွင်းပိုးကို  သဘာဝနည်းတွေနဲ့ ဘယ်လို နှိမ်နင်းမလဲ”

     ရွက်ထွင်းပိုး(Liriomyza spp.)တွေက သီးနှံပင်တွေရဲ့ အရွက်တွေမှာ ထွင်းဖောက်ပြီး စားသောက်တတ်ကြတဲ့ အင်းဆက်ဖျက်ပိုးတစ်မျိုးပဲ ဖြစ်ပါတယ်။ ပုံ(က)မှာ တွေ့ရတဲ့အတိုင်း ကျွန်မတို့ရဲ့ သီးနှံပင်တွေမှာ ကွေ့ပတ်နေတဲ့ လိုင်းကြောင်းလေးတွေကို တစ်ခါတစ်လေ တွေ့ဖူး မြင်ဖူးကြမှာပါ။ အဲ့ဒါတွေကတော့ ရွက်ထွင်းပိုး ဖျက်ဆီးထားတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို ကာကွယ်နှိမ်နင်းနိုင်မယ့် နည်းလမ်းလေးတွေ ရှိလားဆိုတာကို ကြည့်လိုက်ကြရအောင်။

ပုံ (က) ရွက်ထွင်းပိုး စားသောက်ဖျက်ဆီးထားသော အရွက်

     အရင်ဆုံး ကာကွယ်နှိမ်နင်းနည်းတွေကို မလေ့လာခင်မှာ ရွက်ထွင်းပိုး အကြောင်းကို လေ့လာလိုက်ကြရအောင်..........။

ရွက်ထွင်းပိုးဆိုတာဘာလဲ??

    ရွက်ထွင်းပိုး ဆိုတာ “ခြင်၊ယင်”အုပ်စုထဲ ပါဝင်တဲ့ အင်းဆက်ဖျက်ပိုး တစ်မျိုးပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ scientific name ကတော့ Liriomyza spp.  ဖြစ်ပါတယ်။ အပင်တွေကို ဖျက်ဆီးတဲ့ အဆင့်ကတော့ maggot လို့ခေါ်တဲ့ သားလောင်းကောင် အဆင့်ဖြစ်ပြီး သေးငယ်တဲ့ သားလောင်းကောင်လေးတွေဟာ အရွက်ရဲ့ မျက်နှာပြင်တွေပေါ်မှာ ထွင်းပြီး အရွက်ရဲ့ တစ်ရှူးသားတွေကို စားသောက်ဖျက်ဆီးတတ်ကြပါတယ်။ လူတော်တော်များများက သူတို့လေးတွေကို ရွက်ထွင်းစားသောက်တတ်တာခြင်း တူတဲ့ CLM (citrus leaf miner) တွေနဲ့ မှားတတ်ကြပါတယ်။ မတူတဲ့ အချက်ကတော့ CLMတွေဟာ “လိပ်ပြာ၊ ဖလံ” အုပ်စု (Order-Lepidoptera) ထဲ ပါဝင်ပြီး အခုဖော်ပြပေးမယ့် ရိုးရိုး Leaf miner တွေကတော့ “ခြင်၊ ယင်” အုပ်စု (Order-Diptera) ထဲ ပါဝင်တာ ဖြစ်ပါတယ်။

ပုံ (ခ) ရွက်ထွင်းပိုး (ခြင်၊ ယင် အုပ်စု ဝင်)

ပုံ (ဂ) CLM (ရှောက်ပင်တွင် ကျရောက်တတ်သော ရွက်ထွင်းပိုး) (လိပ်ပြာ၊ ဖလံ အုပ်စုဝင်)

ရွက်ထွင်းပိုးဆိုတာကို ဘယ်လို ခွဲခြားသိနိုင်မလဲ??

     ရွက်ထွင်းပိုး အကောင်ကြီး အဆင့်(adult stage) တွေဟာ ဆိုရင် များသောအားဖြင့် အမဲရောင်မှ ခဲရောင်ကြား အရောင်တွေ ဖြစ်ပြီး အဝါရောင်နဲ့ ပြန်စပ်ထားကြပါတယ်။ အရွယ်အစားအားဖြင့် သေးငယ်ကြပြီး ဆိုဒ်အားဖြင့်တော့ ၂.၃မီလီမီတာ မျှသာ ရှိကြပါတယ်။ သားလောင်းကောင်တွေရဲ့ အရွယ်အစားဟာလည်း ၃မီလီမီတာမျှသာ ရှိတဲ့ အတွက် အတော်လေးကို သေးငယ်လှပါတယ်။ သူတို့ရဲ့ အရောင်ကတော့ ဝါကျင့်ကျင့် ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးဟာ ကြည်ကြည်လေး ဖြစ်နေပါတယ်။ အရွယ်ရောက်ပြီး ရွက်ထွင်းပိုး အမတွေက အထီးတွေထက် ပိုကြီးပါတယ်။ သားလောင်းကောင်တွေကိုတော့ အရွက်အတွင်းထဲမှာ ရှာကြည့်ရင် တွေ့နိုင်ပြီး ဥတွေကိုတော့ အရွက်မျက်နှာပြင်အပေါ်မှာ တွေ့နိုင်ပါတယ်။ အထင်ရှားဆုံးကတော့ သူတို့စားထားတဲ့ အရွက်ပေါ်က လမ်းကြောင်းတွေပါပဲ။ လမ်းကြောင်းတွေက အဖြူရောင်ဖြစ်နေပြီး အဲ့အထဲမှာ ဆိုရင် သားလောင်းကောင်နဲ့ သူရဲ့ အညစ်အကြေးတွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

ပုံ(ဃ) စပါးရွက်တွင် ကျရောက်နေသော ရွက်ထွင်းပိုး သားလောင်းကောင်

ရွက်ထွင်းပိုး မျိုးကွဲပေါင်း ဘယ်လောက်ရှိလဲ???

     ရွက်ထွင်းပိုးတွေဟာ ဟင်းသီးဟင်းရွက် နဲ့ သီးနှံပင်‌တော်တော်များများမှာ ကျရောက်တတ်ပြီး မျိုးပေါင်း ၃၀၀ကျော်တောင် ရှိပါတယ်။ ဒါပေမယ့် အဓိကအားဖြင့်တော့ အောက်ဖော်ပြပါ အုပ်စု ၅ အုပ်စုကသာ အဆိုးဆုံး ရွက်ထွင်းပိုးတွေ အဖြစ် သတ်မှတ်ခံထားရပါတယ်။

    • ဟင်းသီးဟင်းရွက်များတွင် ကျရောက်သော ရွက်ထွင်းပိုး (Vegetable leaf miner) (Liriomyza sativae)---အပင်အုပ်စု(Family) ၁၀အုပ်စုရဲ့ အပင်ပေါင်း(host plants) ၄၀ မှာ ကျရောက်တတ်ပါတယ်။ ဥပမာ-ငရုတ်ပင်များ၊ ဖရဲပင်များ၊ သခွားပင်များ၊ ဆလပ်ပင်များ။

    • ခရမ်းချဉ်တွင် ကျရောက်သော ရွက်ထွင်းပိုး (Tomato leaf miner) (Liriomyza bryoniae)---ဟင်းသီးဟင်းရွက်အပင်အများစုမှာ ကျနိုင်ပြီး အထူးသဖြင့် ခရမ်းချဉ်ပင်မှာ ကျရောက်တတ်ပါတယ်။

    • ကုလားပဲတွင် ကျရောက်သော ရွက်ထွင်းပိုး (Chickpea leaf miner) (Liriomyza cicerina)---ပဲပင်များမှာ ကျရောက်နိုင်ပြီး အဓိကအားဖြင့် ကုလားပဲပင်မှာ ကျရောက်ဖျက်ဆီးပါတယ်။

    • မြွေလိမ်ကောက် ရွက်ထွင်းပိုး (Serpentine leaf miner) (Liriomyza huidobrensis)---အပင်မျိုးအုပ်စု(family) ၁၅ အုပ်စုထိ ကျရောက်နိုင်ပါတယ်။ ဥပမာ-ပဲပင်များ၊ အာလူးပင်များ၊ ဟင်းနုနွယ်ပင်များ၊ မုန်လာပင်များ၊ ပန်းပင်များ။

    • အမေရိကန် မြွေလိမ်ကောက် ရွက်ထွင်းပိုး (American Serpentine leaf miner) (Liriomyza trifolii)---မျိုးရင်း(family) ၂၈မျိုးထိ ကျရောက်နိုင်ပါတယ်။ ဥပမာ-ပဲပုပ်၊ ဝါ၊ ပဲ၊ အာလူး၊ ခရမ်းပင်များ။

ရွက်ထွင်းပိုးရဲ့ ဘဝစက်ဝန်းက ဘယ်လိုရှိလဲ???

     သူတို့က အေးတဲ့ အချိန်ကာလတွေမှာ သားလောင်းကောင်ဘဝ(Larva)နဲ့ပဲ မြေကြီးထဲမှာ ဆောင်းခိုတတ်ကြပါတယ်။ ပူနွေးတဲ့ရာသီ ရောက်လာပြီဆိုရင် ရွက်ဖုံး(Pupa) ဘဝသို့ စပြောင်းပြီး ဧပြီလကုန်လောက် ရောက်ပြီဆိုရင်တော့ အကောင်ကြီးဘဝ (adult) အဖြစ်သို့ရောက်ရှိတတ်ကြပါတယ်။ ပြီးရင်တော့ မိတ်လိုက်ကြပြီး အမတွေဟာ သူ့ရဲ့ ဥဥပြွန်နဲ့ အရွက်တွေပေါ်ကို ဥချတတ်ကြပါတယ်။ တစ်ခါဥရင် ဥ၂၅၀နဲ့ အထက် ဥ ကြပါတယ်။ အဲ့ဒီဥတွေဟာ ဥပြီး ၁၀ရက်အတွင်းမှာ သားလောက်ကောင်အဖြစ် အကောင်ပေါက်လာပြီး အရွက်ရဲ့ အလယ်တစ်ရှူးသားထဲကို ထိုးဖောက်ဝင်ရောက်ကာ အရွက်ထဲမှာပဲ နေထိုင်စားသောက် အညစ်အကြေးစွန့်ကြပါတယ်။ သားလောင်းကောင်တွေဟာ ၂ပတ်မှ ၃ပတ်အတွင်း အရွယ်ရောက်လာပြီး ရွက်ဖုံးအိမ်ဘဝသို့ပြောင်းရန် အဆင်သင့်ဖြစ်လာတဲ့အခါ မြေကြီး‌ပေါ်သို့ ဖြုတ်ဆင်းတတ်ကြပါသည်။ အရွယ်ရင့် သားလောင်းကောင်တွေဟာ မြေကြီးကို ၁လက်မမှ ၂လက်မ တူးပြီး အဲ့ဒီ ကျင်းထဲကို ဆင်းကာ ရွက်ဖုံးအိမ် ပြုလုပ်ပြီး ငြိမ်ငြိမ်လေး နေတတ်ကြပါတယ်။ ရွက်ဖုံးအိမ်ဘဝပြောင်းပြီး ၁၅ရက် အတွင်းမှာပဲ မြေကျင်းထဲကနေ ရွက်ထွင်းပိုး အကောင်ကြီးတွေ အဖြစ် ပြောင်းလဲ ထွက်လာကြပါတယ်။ သူတို့ဟာဆိုရင် တစ်နှစ်ကို ဘဝစက်ဝန်းခဏခဏ လည်ကြတဲ့အတွက် သူတို့ရဲ့ မျိုးဆက်တွေဟာ အရမ်းကို များလှပါတယ်။

ပုံ  (င) ရွက်ထွင်းပိုး ဘဝစက်ဝန်း

ရွက်ထွင်းပိုး ဖျက်ဆီးမှုကရော ဘယ်လောက်ထိ ပြင်းထန်လဲ???

     ရွက်ထွင်းပိုးက အပင်တော်တော်များများကို တိုက်ခိုက်နိုင်ကြောင်း အပေါ်မှာ ပြောခဲ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီအပြင်ကို သူက မျက်နှာပြင်ကျယ်တဲ့ အရွက်တွေကိုလည်း အတော်ကြိုက်နှစ်သက်ပါတယ်။ သူ့ကို ကျရောက်မှု အစောပိုင်းအဆင့်မှာသာ အချိန်မှီ မနှိမ်နင်းနိုင်ရင် သူ့ရဲ့ အရေအတွက်က ဆပွား ပွားသွားမှာ ဖြစ်တဲ့အတွက် အပင်ကို အများကြီး ထိခိုက်စေနိုင်ပါတယ်။ အရမ်းပြင်းထန်လာရင် အရွက်တွေက ညိုလာပြီး အချိန်မတိုင်ခင် ကြွေကျပျက်စီးတာ ဖြစ်နိုင်ပါတယ်။ သူက ဟင်းနုနွယ်အရွက်တွေမှာ အကျများသလို အနည်းအကျဉ်းသာ စိုက်ထားတဲ့ အပင်တွေမှာလည်း အကျများလေ့ရှိပါတယ်။ သူတို့ အကျများတာက သီးနှံရဲ့ တန်ဖိုး(ဈေးနှုန်း)တွေကို ထိခိုက်တာမလို့ အထူးဂရုပြုဖို့ လိုအပ်ပါတယ်။

ရွက်ထွင်းပိုးတွေကို ဘယ်လိုနှိမ်နင်းကြမလဲ???

     အကောင်းဆုံး နည်းလမ်းကတော့ သဘာဝနည်းလမ်းတွေပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ သဘာဝနည်းလမ်းတွေက ကိုယ့်စိုက်ခင်းအတွက် အကျိုးပြုပိုး(Natural enemies)တွေကို မထိခိုက်စေလို့ပါပဲ။ အဲ့ဒီ အကျိုးပြုပိုးတွေကပဲ ရွက်ထွင်းပိုးနဲ့ အခြားသော ဖျက်ပိုးတွေကို ထိန်းချုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက တောင်သူတွေဟာ အကျိုးပြုပိုးတွေရဲ့ အကျိုးကျေးဇူးကို သိပ်မသိကြသေးတာကြောင့် ဆေးတွေ အလွန်အကျွံ ဖျန်းနေကြတာကို တွေ့နေရပါတယ်။ အဲ့ဒီရလဒ်က ဖျက်ပိုးတွေကို နှိမ်နင်းပေးနိုင်တဲ့ အကျိုးပြုပိုးတွေကို သွားသေစေတာကြောင့် ဖျက်ပိုးတွေ အလွန်အကျွံ ပွားများလာတဲ့ ဖြစ်စဉ်တွေ(outbreakဖြစ်တာ)ကို ခဏခဏ ကြုံတွေ့လာရပါတယ်။ အကြောင်းအရင်းကတော့ ဖျက်ပိုးတွေဟာ အကျိုးပြုပိုးတွေထက် ပိုးသတ်ဆေးဒဏ်ကို ပိုမိုခံနိုင်ရည်ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပိုးသတ်ဆေးတွေ အများကြီး မသုံးကြဘဲနဲ့ ခေတ်မီ စမတ်ကျတဲ့ တောင်သူတစ်ယောက်ဖြစ်အောင် ပိုးသတ်ဆေးသုံးတာတွေကို လျှော့သုံးကြဖို့ တစ်လက်စတည်း‌ အကြံပြုပါရစေရှင့်။ 

     အရင်ရှေ့နှစ်တွေမှာ ကိုယ့်စိုက်ခင်းက ရွက်ထွင်းပိုးကျဖူးတယ်ဆိုရင် အရွက်ပေါ်တွေမှာ လိုင်းကြောင်းတွေ ပေါ်လာတဲ့အထိကို လုံးဝ စောင့်နေလို့ မရပါဘူး။ ဘာကြောင့်ဆိုတော့ ရွက်ထွင်းပိုးတွေကို ဓာတုဆေးဝါးတွေနဲ့ နှိမ်နင်းဖို့ရာ ခက်ခဲလှတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်နည်းတွေ ပြုလုပ်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အခုပြောပြမယ့် နည်းတွေကတော့ IPM(integrated pest management) လို့ခေါ်တဲ့ သီးနှံ ဖျက်ပိုး ဘက်စုံကာကွယ် နှိမ်နင်းနည်းတွေပဲ ဖြစ်ပါတယ်။

    1. ကိုယ့်စိုက်ခင်းကို အမြဲစောင့်ကြည့်စစ်ဆေးနေပါ။ ရွက်ထွင်းပိုး လက္ခဏာစတွေ့ပြီ ဆိုတာနဲ့ လမ်းကြောင်းထဲမှာ ရှိနေတဲ့ သားလောင်းကောင်တွေကို ဖိချေပစ်လိုက်ပါ။ ပြီးရင် အဲ့ဒီအရွက်ကို ခူးပြီး ဖျက်ဆီးပစ်ပါ။

    2. အပင်က ကျန်းမာသန်စွမ်းလေလေ ရွက်ထွင်းပိုးဒဏ် ခံနိုင်လေလေ ဖြစ်တာကြောင့် ကိုယ့်အပင်တွေကို ကျန်းမာသန်စွမ်းအောင် ထိန်းထားပေးဖို့ လိုအပ်ပါတယ်။ သဘာဝမြေဩဇာတွေ ကျွေးပေးပါ။ သင့်တင့်တဲ့ ရေပေးမှုတွေ လုပ်ပေးပါ။ ကိုယ့်ရဲ့ စိုက်ခင်းမြေတွေကို မြေဆီတက်အောင် နွားချေးတွေ သစ်စိမ်းမြေဩဇာတွေ ထည့်ပေးပါ။

    3. အပင်တွေကို အပေါ်ကနေ ဖုံးအုပ်ပေးတဲ့ floating row covers (ပုံ-စ) တွေ သုံးပေးပါ။ အဲ့ပစ္စည်းလေးသုံးတာက အလုပ်ရှုပ်တယ် ထင်ရပေမယ့် တကယ်တမ်းကျ ရွက်ထွင်းပိုး အကောင်ကြီးအဆင့်တွေနဲ့ အခြားသော ဖျက်ပိုးတွေကို အတော်လေးကာကွယ်ပေးနိုင်ပါတယ်။

ပုံ (စ) Floating row covers

    4. အခြားနိုင်ငံတွေမှာတော့  parasitic wasp လို့ခေါ်တဲ့ ဥကပ်ပါးနကျယ်ကောင်တွေနဲ့ နှိမ်နင်းကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီနည်းကို စမ်းသပ်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ ဒီဥကပ်ပါးနကျယ်တွေက အရွက် တစ်ရှူးသားထဲမှာ ရှိတဲ့ ရွက်ထွင်းပိုး သားလောင်းကောင်တွေ ပေါ်မှာ ဥဥပြီး ကပ်ပါးပြုကြပါတယ်။ ဒီလိုနည်းနဲ့ ရွက်ထွင်းပိုးတွေကို သေစေပါတယ်။

    5. ရွက်ထွင်းပိုး အကောင်ကြီးအဆင့်တွေ(adult)ကို ဖမ်းဖို့အတွက် ဆိုရင် အဝါရောင် စေးကပ် ထောင်ချောက် (Yellow sticky trap) ဒါမှမဟုတ် အပြာရောင်‌စေးကပ်ထောင်ချောက် (Blue sticky trap) တစ်ခုခုကို အသုံးပြုရပါမယ်။ 

    6. နောက်တစ်ချက်ကတော့ ရောဂါကျထားတဲ့ အပင်တွေရဲ့ မြေကြီးကို ဆိုရင် ဒီတိုင်းမထားဘဲ Plastic mulch (ပလပ်စတစ်ဖုံးအုပ်စ) တွေနဲ့ အုပ်ပေးရပါမယ်။ ဘာလို့ဆို မြေကြီးထဲမှာ pupa လို့ခေါ်တဲ့ ရွက်ဖုံးကောင်လေးတွေ ရှိနေလို့ပါ။ ဒီလို အုပ်လိုက်တာကြောင့် အဲ့ pupa လေးတွေဟာ အကောင်ကြီးအဆင့်ကို မရောက်နိုင်တော့တဲ့အတွက် ကာကွယ်နှိမ်နင်းပြီး ဖြစ်ပါတယ်။

    7. သဘာဝဆေးအနေနဲ့ကတော့ azadirachtin လို့ခေါ်တဲ့ ဓာတ်ပါတဲ့ တမာပိုးသတ်ဆေးကို သုံးပေးရပါမယ်။ သူက ပိုးတွေကို ပြေးစေတယ်၊ ပင်လုံးပြန့်ရော ထိသေ အာနိသင်ပါရှိတာမလို့ စားမိရင်လည်း မျိုးပွားမှုနဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေကို အဟန့်အတား ဖြစ်စေပါတယ်။ သူက ပတ်ဝန်းကျင် အတွက်လည်း အန္တရာယ်ဖြစ်မှု နည်းတာမလို့ ဓာတုဆေးဝါးတွေထက် ပို အသုံးပြုသင့်ပါတယ်။

    8. အဆိုးဆုံးအဆင့်မှာဆိုရင်တော့ ပင်လုံးပြန့် အာနိသင်ရှိတဲ့ ပိုးသတ်ဆေး တစ်မျိုးမျိုး သုံးပေးရပါမယ်။ ဒါပေမယ့် ပင်လုံးပြန့်မလို့ တစ်ပင်လုံးအနှံ့ အဆိပ်အာနိသင်တွေ ရှိနိုင်တာကြောင့် အကျိုးပြုပိုးတွေကို ဒုက္ခပေးနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။ တစ်ချက် သတိထားရမှာကတော့ ရွက်ထွင်းပိုးတွေဟာ Broad spectrum(ထိတွေ့သမျှ ပိုး တော်တော်များများ အကုန်သေ) အာနိသင်ရှိတဲ့ Carbamates၊ Pyrethroid အစရှိတဲ့ ဆေးတွေကို ခံနိုင်ရည် ရှိနေတာပါ။ ဆေးပြင်းလို့ သေနိုင်တယ်ထင်ပြီး သွားသုံး လိုက်မယ်ဆိုရင်တော့ ရွက်ထွင်းပိုးတွေက မသေဘဲနဲ့ ရွက်ထွင်းပိုးကို နှိမ်နင်းပေးတဲ့ အကျိုးပြုပိုးတွေကိုသာ သေစေမှာ ဖြစ်ပါတယ်။ 

    9. ပြီးတော့ Spinosad spray(ဈေးကွက်မှာ ရှိမရှိ မသေချာ) တွေကို အသုံးပြုပေးနိုင်ပါတယ်။ သူ့ကို မြေပေါ်မှာ ဖျန်းပေးရင် ရွက်ဖုံးကောင်တွေ သေစေပြီး ရွက်ဖျန်းဆေးအဖြစ် အသုံးပြုပါက သားလောင်းကောင်များကို သေစေနိုင်ပါတယ်။ သတိပြုရမှာက ထပ်ခါထပ်ခါ အသုံးမပြုမိဖို့ပါပဲ။

အထက်ပါ နည်းလမ်းများကို အသုံးပြုခြင်းဖြင့် တောင်သူများ အားလုံး အဆင်ပြေနိုင်ကြပါစေရှင့်။ ။

ချစ်ခြင်းမေတ္တာများဖြင့်

ဆုမြတ်ခင်

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

References

https://www.agriculture.gov.au

https://www.gardeningknowhow.com

https://www.planetnatural.com

https://www.rebootedmom.com

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 

Continue reading related topics, questions and articles.

ကိုအောင်မျိုးသန့်

ကိုအောင်မျိုးသန့်

4 years ago

ဝယ်လို့ရနိုင်လားတမာပိးုသတ်ဆေးကခင်ဗျ

မဆုမြတ်ခင်

မဆုမြတ်ခင်

5 years ago

အစိမ်းရောင်လမ်းရဲ့ မှန်ဘီလူးပုံအဝိုင်းလေးကို နှိပ်ပြီး တမာပိုးသတ်ဆေးလို့ စာရိုက်ရှာနိုင်ပါတယ်ရှင့်

Zay Htet Paing

Zay Htet Paing

5 years ago

တမာပိုးသတ်ဆေးလုပ်နည်း ပြောပြပေးပါဗျ

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Related questions

မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ

Kyaw Zin • 1 answers

ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ

ဦးဝင်းအောင် • 3 answers

ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ

ko. latt • 2 answers

နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ

Ukyaw • 1 answers

တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့

သန်းထိုက်အောင် • 3 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....