ပရိုဘိုင်အိုတစ်တွေရဲ့ ရာစု
နည်းပညာအကြောင်းအရာတွေ လေ့လာတဲ့အခါ အဲဒီနည်းပညာရဲ့ သမိုင်းကြောင်းကို စေ့ငုကြည့်ရင် အဲဒီနည်းပညာနဲ့ နည်းပညာရဲ့ အကျိုး၊ အပြစ်တွေကို ပိုပြီး နားလည်လွယ်ပါတယ်။ ဒါကြောင့် ပရိုဘိုင်အိုတစ် (probiotic) တွေအကြောင်း ပိုသိနိုင်ဖို့၊ သူတို့ရဲ့ သမိုင်းကြောင်းကို ပြန်လေ့လာကြည့်ဖြစ်ပါတယ်။ လေ့လာမိတဲ့ ပရိုဘိုင်အိုတစ် တွေရဲ့ သမိုင်းအစကို မွေးမြူရေးကဏ္ဍက မိတ်ဆွေများထံ မျှဝေပေးလိုပါတယ်။
တကယ်တော့ အကျိုးပြုဘက်တီးရီးယားတွေနဲ့ အစားအသောက်တွေကို အချဉ်သိပ်ပြီး အစားအစာတွေကို ကြာရှည်ခံအောင် သိုလှောင်သိမ်းဆည်းတဲ့ နည်းပညာကို လူသားတွေ ပိုင်ဆိုင်ခဲ့ကြ၊ အသုံးပြုခဲ့ကြတာ နှစ်ပေါင်းထောင်ချီ ကြာခဲ့ပါပြီ။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၇၀၀၀ ခန့် (ဘီစီ ၇၀၀၀)၊ တနည်းအားဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀ လောက်ကတည်းက အရှေ့အလယ်ပိုင်းမှာ နို့ကို အချဉ်ဖောက်ပြီး စားသုံးခဲ့ကြောင်း မနုဿဗေဒ လေ့လာမှုတွေက တွေ့ရှိထားကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အကျိုးပြုအဏုဇီဝပိုးမွှားတွေကို သိပ္ပံနည်းကျ လေ့လာပြီး ပရိုဘိုင်အိုတစ် အဖြစ် ထိထိရောက်ရောက် အသုံးချနိုင်စေခဲ့တဲ့ သမိုင်းကြောင်းကတော့ နှစ်ပေါင်း ၁၀၀ ကျော်ပဲ ရှိပါသေးတယ်။
Élie Metchnikoff (အီလီမစ်ရှ်နီကိုဗ် (၁၈၄၅ - ၁၉၁၆)) ဟာ ရုရှားနိုင်ငံသားသိပ္ပံပညာရှင် တစ်ယောက်ပါ။ ဒီကနေ့ ယူကရိန်းနိုင်ငံ အဖြစ် လူတွေသိနေကြတဲ့ နေရာမှာ မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ဖခင်ဟာ ရိုမန် အထက်တန်းလွှာ တစ်ယောက်ဖြစ်ပြီး မိခင်ကတော့ ယူကရိန်းလူမျိုး ဂျူးဘာသာဝင်တစ်ယောက်ပါ။ မစ်ရှ်နီကိုဗ်ဟာ သတ္တဗေဒပညာရှင်အဖြစ် ပညာရှင်ဘဝကိုစတင်ခဲ့ပြီး နောက်ပိုင်းမှာ လူ့ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် (Immune system) အကြောင်းကို အထူးပြုလေ့လာခဲ့ပါတယ်။ အဲဒီလေ့လာမှုတွေကြောင့် ၁၉၀၈ ခုနှစ်မှာ ဂျာမန်လူမျိုး သမားတော်ကြီး ပေါ်လ်အားလစ်ရှ် (Paul Ehrlich) နဲ့အတူ ဆေးပညာဆိုင်ရာ နိုဘယ်လ် ဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
၁၉၀၇ ခုနှစ်မှာ မစ်ရှ်နီကိုဗ် ဟာ ဘူလ်ဂေးရီးယားနိုင်ငံကို ရောက်ရှိခဲ့ပြီး အသက်ရှည်တဲ့သူတွေအကြောင်း လေ့လာမှုတစ်ခု လုပ်ဆောင်ခဲ့ပါတယ်။ သူက အသက် ၁၀၀ ကျော်အထိ အသက်ရှင်နေထိုင်နိုင်သူတွေ (centenarians) တွေကို အထူးပြုပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဖိုးသက်ရှည်၊ ဖွားသက်ရှည်တွေဟာ သူများတွေ ထက် ထူးပြီး အသက်ရှည်နေထိုင် နေနိုင်တာဟာ ထူးခြားတဲ့ ဘဝနေထိုင်မှုပုံစံတွေရှိနေလို့လား၊ ရှိနေတယ် ဆိုရင် ဘယ်လိုဘဝနေထိုင်မှုပုံစံတွေလဲ ဆိုတာတွေကို လေ့လာစူးစမ်းကြည့်တာ ဖြစ်ပါတယ်။ အဲဒီလို လေ့လာရင်း ကော့ကေးဆပ်တောင်တန်း (Caucasus mountains) ပေါ်က ရွာလေးတွေမှာ နေထိုင်ကြတဲ့ ဖိုးသက်ရှည်၊ ဖွားသက်ရှည်တွေ အသက်ရာကျော် နေထိုင်နိုင်ခြင်းနဲ့ နို့ချဉ် (soured milk) သောက်သုံးမှု ဆက် စပ်နေကြောင်း တွေ့ရှိခဲ့ရပါတယ်။ နို့ချဉ်ဆိုတာကတော့ ဒိန်ချဉ်နဲ့ သဘောတရားချင်း အတူတူပဲဖြစ်ပါတယ်။ ဒိန်ချဉ်လို ရည်ရွယ်ချက်ရှိရှိ ဘက်တီးရီးယားတွေ ရွေးချယ်ထည့်သွင်းပြီး အချဉ်ဖောက်ထားတာမဟုတ်ဘဲ၊ နို့ကို တာရှည်ထားရင်းက ဘက်တီးရီးယားတွေ ပေါက်ဖွားလာပြီး ချဉ်သွားတဲ့ နို့ကို ဆိုလိုတာပါ။
မစ်ရှ်နီကိုဗ်ဟာ အဲဒီနို့ချဉ်တွေထဲ ဘာတွေပါဝင်နေလို့လဲဆိုတာကို ဆက်လက်စူးစမ်းလေ့လာကြည့် တဲ့အခါ လက်တစ်အက်ဆစ် (lactic acid) ထုတ်လုပ်ပေးတဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားနေတယ်ဆိုတာကို တွေ့ရှိ ခဲ့ကြပါတယ်။ သူတွေ့ရှိခဲ့တာက Bacillus bulgaricus လို့ခေါ်တဲ့ ဘက်တီးရီးယားတွေပါ။
အဲဒီအချိန်တုန်းက Bacillus bulgaricus တွေကို ဘူလ်ဂေးရီးယန်း ဘက်တီးရီးယားတွေ၊ ဘူလ်ဂေးရီး ယန်း ဘက်ဆလက်စ် တွေ လို့ လူသိများပါတယ်။ ဘာကြောင့်လဲဆိုရင် ၁၉၀၅ ခုနှစ်မှာ ဘူလ်ဂေးရီးယားလူမျိုး သမားတော်ကြီး စတာမန် ဂရီဂိုရော့ဗ် (Stamen Grigorov) က အဲဒီ ဘက်တီးရီးယားတွေကို ရှာဖွေတွေ့ရှိခဲ့လို့ ပါ။ အဲဒီအချိန်မှာ စတာမန် ရဲ့ အသက်က ၂၇ နှစ်ပဲ ရှိပါသေးတယ်။ နောက်ပိုင်းမှာတော့ အဲဒီ ဘက်တီးရီးယား တွေကို သိပ္ပံပညာရပ်နယ်ပယ်မှာ လက်တိုဘက်ဆလက်စ် ဘူလ်ဂေးရီးကက်စ် (Lactobacillus bulgaricus) လို့ သတ်မှတ်ခေါ်ဝေါ်ကြခဲ့ကြပါတယ်။ လက်ရှိမှာတော့ Lactobacillus delbrueckii subsp. Bulgaricus လို့ တိတိကျကျ သရုပ်ခွဲပြီး ခေါ်ဝေါ်လာကြပါတယ်။ တကယ်တော့ လက်တိုဘက်ဆလက်စ် (Lactobacillus) လို့ ခေါ်တဲ့ ဘက်တီးရီးယားမျိုးစုကြီးထဲမှာ ပညာရှင်တွေ တွေ့ရှိပြီး၊ မှတ်တမ်းဝင်ထားတဲ့ မျိုးစိတ်ပေါင်း ၂၀၀ ကျော် ရှိပါတယ်။
မစ်ရှ်နီကိုဗ်ရဲ့ တွေ့ရှိမှု မတိုင်မီအထိ လက်တိုဘက်ဆလက်စ် တွေဟာ ချဉ်ငံနှုန်း (pH) ကို ကျဆင်းစေပြီး၊ နို့တွေကို မပုပ်သိုးသွားအောင် ထိန်းသိမ်းပေးတယ် ဆိုတာကိုတော့ ပညာရှင်တွေက သိရှိထားကြပြီး ဖြစ်ပါတယ်။ မစ်ရှ်နီကိုဗ်ကတော့ လက်တိုဘက်ဆလက်စ် ဘက်တီးရီးယားတွေက လူတွေအသက်ရှည်အောင် ဘယ်လိုလုပ်ဆောင်ပေးသလဲဆိုတဲ့ ဆက်စပ်မှုနှင့်ပတ်သက်တဲ့ ယူဆချက်တွေကို ဖော်ထုတ်ပေးခဲ့ပါတယ်။
သူ့ရဲ့ အယူအဆက ဒီလိုပါ။ အစာလမ်းကြောင်းထဲမှာ ရှိနေတဲ့ ကလော်စရီးဒီယား (Clostridia) တို့လို အချို့သော ဘက်တီးရီးယားတွေဟာ အသားဓာတ် (ပရိုတင်း) တွေကို ချေဖျက်ပေးကြပြီး အဲဒီ ဘက်တီးရီးယား တွေကို ပရိုတီယိုလိုက်တစ် ဘက်တီးရီးယား (Proteolytic bacteria) လို့ ခေါ်ပါတယ်။ အဲဒီ လိုချေဖျက်ခြင်း အားဖြင့် ဖီနောလ် (phenol)၊ အမိုးနီးယား (ammonia)၊ အင်ဒေါလ်စ် (indols) အစရှိတဲ့ ဒြပ်ပေါင်းတွေ ထွက်ရှိ လာပြီး၊ အဲဒီ ဒြပ်ပေါင်းတွေဟာ အိုမင်းမှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ မစ်ရှ်နီကိုဗ် က ယူဆပါတယ်။ အဲဒီဖြစ်စဉ်ကို မစ်ရှ်နီကိုဗ် က “အူလမ်းကြောင်းအတွင်း မိမိကိုယ်ကိုယ်အဆိပ်သင့်စေခြင်း (Intestinal auto-intoxication)” လို့ နာမည်ပေးခဲ့ပါတယ်။ အဲဒီ ဘက်တီးရီးယားတွေကို လျော့ချဖယ်ရှားနိုင်မယ်၊ ဒါမှမဟုတ် လက်တိုဘက်ဆ လက်စ် တွေလို ဘက်တီးရီးယားတွေနဲ့ အစားထိုးပေးနိုင်မယ်ဆိုရင် အစာလမ်းကြောင်းရဲ့ ကျန်းမာရေးကို ပိုမို ကောင်းမွန်စေပြီး၊ သက်ရှည်ကျန်းမာစေလိမ့်မယ်လို့ သူ့အယူအဆကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ အသက်ရှည်ချင်ရင် ဒိန်ချဉ်စားဖို့ ဆိုတဲ့ အယူအဆလည်း စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ မစ်ရှ်နီကိုဗ် ကိုယ်တိုင်လည်း အဲဒီကတည်းက စတင်ပြီး ဘဝတစ်သက်တာလုံး နေ့စဉ်လိုလို ဒိန်ချဉ် သောက်သုံးခဲ့တယ်လို့ ဆိုပါတယ်။ (ဒီကနေ့ခေတ် ပရိုဘိုင်အိုတစ်တွေထဲမှာ လက်တိုဘက်ဆလက်စ်တွေဟာ မပါမဖြစ် ပါဝင်ကြပါတယ်။)

မစ်ရှ်နီကိုဗ် ရဲ့ ရှာဖွေတွေ့ရှိမှုနဲ့ ခေတ်ပြိုင်ဆိုသလိုပဲ ပြင်သစ်လူမျိုး ကလေးအထူးကု သမားတော်ကြီး ဟင်နရီတစ်ဆီယာ (Henry Tissier) ကလည်း စိတ်ဝင်စားဖွယ် ရှာ ဖွေတွေ့ရှိမှုတစ်ခုကို တင်ပြခဲ့ပါတယ်။ ကျန်းမာတဲ့ ကလေးငယ်တွေရဲ့ ဝမ်းထဲမှာ အင်္ဂလိပ်အက္ခရာ ဝိုင် (Y) ပုံသဏ္ဌာန်ရှိတဲ့ ဘက်တီးရီးယားတွေ အများအပြားတွေ့ရှိရပြီး၊ ဝမ်းပျက်ဝမ်းလျှောတဲ့ ကလေးငယ်တွေရဲ့ မစင်ထဲမှာတော့ အဲဒီဘက်တီးရီးယားတွေ သိပ်ပြီး မတွေ့ရဘူး ဆိုတဲ့ အချက်ဖြစ်ပါတယ်။ တစ်ဆီယာ တင်ပြခဲ့တဲ့ ဘက်တီးရီးယားတွေဟာ နောင်အခါမှာ ဘီဖီဒို ဘက်တီးရီးယမ်း (Bifidobacterium) ဆိုတဲ့ ဘက်တီးရီးယားတွေအဖြစ် သိရှိလာကြပါတယ်။ တစ်ဆီယာ က ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရတဲ့ လူမမာတွေကို အဲဒီဘက်တီးရီးယားတွေ တိုက်ကျွေးပေးခြင်းအားဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကုသပေးနိုင်လိမ့်မယ် ဆိုပြီး အကြံပြုခဲ့ပါတယ်။
ဒါဟာ အကျိုးပြုဘက်တီးရီးယားတွေ ရှိနေတယ်၊ အဲဒီဘက်တီးရီးယားတွေကို အသုံးပြုပြီး လူတွေ အသက်ရှည်အောင် လုပ်နိုင်တယ်၊ ရောဂါတွေ ကုသနိုင်မယ် ဆိုတဲ့ အယူအဆတစ်ရပ်ကို စတင်လိုက်တာပဲ ဖြစ်ပါ တယ်။ တနည်းအားဖြင့် အဏုဇီဝပိုးမွှားတွေကို အသုံးချပြီး ရောဂါကာကွယ်ကုသရေးလုပ်မယ့် အယူအဆကို စတင်လိုက်တာပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီအယူအဆဟာ လူကြိုက်သိပ်မများခဲ့ပါဘူး။ ကမ္ဘာစစ်ကြီး နှစ်ခု ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး၊ စစ်ပွဲတွေအတွင်းမှာ ပဋိဇီဝပိုးသတ်ဆေး (Antibiotic) တွေ ပေါ်ထွက်လာတာကြောင့်ပါ။ ရောဂါ ဖြစ်စေတဲ့ ပိုးမွှားတွေကို ပိုးသတ်ဆေးနဲ့ ချေမှုန်းသုတ်သင်ပြီး ကုသတာက ရောဂါသက်သာပျောက်ကင်းဖို့ ပိုမြန် သလို၊ ပိုလွယ်ကူ၊ ပိုထိရောက်တယ် ဆိုတဲ့ အမြင်ကြောင့် ပဋိဇီဝပိုးသတ်ဆေးတွေကိုပဲ ပိုပြီး အားကိုးခဲ့ကြတာ ပါ။ ဒါကြောင့် ၂၀ ရာစု အစမှာ စတင်တွေ့ရှိခဲ့တဲ့ အကျိုးပြုအဏုဇီဝ (ပရိုဘိုင်အိုတစ်) တွေကို ရာစုနှစ် တစ်ခုလုံး နီးပါး လျစ်လျူရှုမိခဲ့ကြပါတယ်။
ဒါပေမယ့် ၂၀ ရာစုအကုန်၊ ၂၁ ရာစု အစပိုင်းက စတင်ပြီး ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာ၊ ပဋိဇီဝဆေး ကြွင်းတွေရဲ့ ပြဿနာတွေကို ထင်ထင်ရှားရှားတွေ့လာကြရပါတယ်။ အဲဒီ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အ တွက် ပရိုဘိုင်အိုတစ်တွေကို အသုံးပြုဖို့ ပြန်လှည့်လာကြရပါတော့တယ်။ ဆယ်စုနှစ်အနည်းငယ် အတွင်းမှာ ပရိုဘိုင်အိုတစ်နဲ့ ပတ်သက်တဲ့ သုတေသနတွေ အမြောက်အများပေါ်ထွက်လာသလို၊ ပရိုဘိုင်အိုတစ် ထုတ်ကုန် တွေလည်း အများအပြား ပေါ်ပေါက်လာပါတယ်။ အထူးသဖြင့်တော့ ပဋိဇီဝဆေးဝါး အသုံးပြုမှု အများဆုံးဖြစ် တဲ့ မွေးမြူရေးကဏ္ဍမှာ ပရိုဘိုင်အိုတစ်တွေဟာ အလွန်အရေးပါလာတာကို တွေ့ရှိရမှာပါ။ သေချာတာကတော့ ၂၁ ရာစု ဟာ ပရိုဘိုင်အိုတစ်တွေနဲ့ ချီတက်ရဦးမယ့် ရာစုတစ်ခုလို့ ဆိုနိုင်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....