ပရိုဘိုင်အိုတစ် သို့မဟုတ် သဘာဝကပေးသော လက်ဆောင်မွန်
လူသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာရော တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုမှာပါ “ပရိုဘိုင်အိုတစ် (Probiotics)” တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။ ၂၀၂၂ ခုနှစ် တစ်ခုတည်းမှာကို ကမ္ဘာတလွှား ပရိုဘိုင်အိုတစ် ထုတ်လုပ်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၇၈၀၀ (၅၇.၈ ဘီလျံ) ခန့် ရှိခဲ့ပြီး ၂၀၂၇ ခုနှစ် အရောက်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၅၄၀၀ (၅၅.၄ ဘီလျံ) ခန့် ရှိလာလိမ့်မယ်လို့ ခန့်မှန်းကြ ပါတယ်။ နှစ်စဉ် တိုးတက်နှုန်း ၈.၁ ရာခိုင်နှုန်းရှိတဲ့ အဲဒီ ပရိုဘိုင်အိုတစ်ဈေးကွက်ရဲ့ အခြေအနေကိုကြည့်ပြီး ပရိုဘိုင်အိုတစ်တွေရဲ့ အသုံးတည့်မှု၊ အသုံးများလာမှု၊ အရေးပါမှုတွေကို မှန်းဆကြည့်နိုင်ပါတယ်။
အထူးသဖြင့် မွေးမြူရေးကဏ္ဍမှာ ပရိုဘိုင်အိုတစ်တွေဟာ တိရစ္ဆာန်ကျန်းမာရေးအတွက်သာမကဘဲ အရေးပါတဲ့ အနာဂတ် စီးပွားရေးထွက်ပေါက် တစ်ခု ဖြစ်လာနေပါတယ်။ တိရစ္ဆာန်ဆေးကုသရေးမှာ ပဋိဇီဝဆေးဝါး သုံး စွဲမှုလျှော့ချဖို့ လိုအပ်လာနေတာ၊ တိရစ္ဆာန်တွေကို ကြီးထွားနှုန်းတိုးစေဖို့ ပဋိဇီဝဆေးဝါးတွေကို မွေးမြူရေးအစာထဲ ထည့်သွင်းရောစပ်ကျွေးမွေးတာမျိုးကို နိုင်ငံအတော်များများမှာ တားဆီးပိတ်ပင်လာတာတွေက မွေးမြူသူတွေအတွက် တကယ့်အခက်အခဲပါ။ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ နည်းပါးလှတဲ့အဖြေတွေထဲမှာ ပရိုဘိုင်အိုတစ်တွေဟာ တစ်ခုအပါအဝင်ပါ။
ဒါဖြင့် ပရိုဘိုင်အိုတစ်ဆိုတာ ဘာပါလဲ။ တကယ်တော့ ပရိုဘိုင်အိုတစ်ဟာ အဆန်းတကျယ်ကြီး မဟုတ်ပါဘူး။ သက်ရှိတွေအတွက် သဘာဝကပေးတဲ့ လက်ဆောင်မွန် ဖြစ်ပါတယ်။ အဲဒီ သဘာဝလက်ဆောင်မွန်ကို သိပ္ပံပညာက ရှာဖွေဖော်ထုတ်ပြီး တိုက်ရိုက်အသုံးချနိုင်အောင် ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။
လူနဲ့ တိရစ္ဆာန်တွေရဲ့ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ မှို၊ တစေး၊ ပရိုဇိုးဝါး စသည်ဖြင့် အဏု ဇီဝ ပိုးမွှား ကုဋေပေါင်းများစွာ မှီတင်းနေထိုင်နေကြပါတယ်။ အချို့က ရောဂါဖြစ်စေတဲ့ "ရောဂါပိုးမွှား (pathogens)" ဖြစ်ပြီး၊ ကျန်တာတွေကတော့ "အကျိုးပြုပိုးမွှား (beneficial microbes)" တွေ ဖြစ်ပါတယ်။
ပုံမှန် အခြေအနေမှာ အကျိုးပြုပိုးမွှားတွေက အားကောင်းနေပြီး ခန္ဓာကိုယ်ကလည်း ကျန်းမာနေပါတယ်။
ဒါပေမယ့် ခန္ဓာကိုယ်မှာ ဒဏ်(stress) တစ်ခုခု ကြုံတွေ့လာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ရှိနှင့်ပြီးသား ရောဂါပိုးမွှားတွေက ပိုအားကောင်းလာ၊ ပိုပွားများလာပါတယ်။ သူတို့တွေ ထကြွသောင်းကျန်းတဲ့အခါ ခန္ဓာကိုယ်မှာ ရောင်ရမ်းမှု (inflammation) တွေဖြစ်ပေါ်ပြီး ရောဂါဝေဒနာတွေ ခံစားလာရပါတော့တယ်။
ပြင်ပက ရောဂါပိုးမွှားတွေ ခန္ဓာကိုယ်ဆီ ကူးစက်ဝင်ရောက်လာတဲ့အခါမှာလည်း ခန္ဓာကိုယ်ထဲမှာ ရောဂါ ပိုးမွှားတွေရဲ့ အချိုးအစားက ပုံမှန်ရှိရမှာထက် ပိုများလာပြီး ရောဂါဝေဒနာတွေကို ဖြစ်ပေါ်စေပါတယ်။
ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ "အကျိုးပြုပိုးမွှား" တွေ အရှည်သဖြင့် ကြီးစိုးထားနိုင်အောင် ထိန်းသိမ်းထားခြင်းအားဖြင့် ခန္ဓာကိုယ်ကို ကျန်းမာနေစေမှာ ဖြစ်ပါတယ်။
ပရိုဘိုင်အိုတစ်ဆိုတာ သက်ဆိုင်ရာ သတ္တဝါရဲ့ ခန္ဓာကိုယ်ကို အကျိုးဖြစ်ထွန်းစေတဲ့ "အကျိုးပြုပိုးမွှား" လေးတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဘက်တီးရီးယား (bacteria) နဲ့ တစေး (yeast) တွေပါ။ ဥပမာအားဖြင့် လက်တိုဘက်ဆလက်စ် (Lactobacillus) ဘက်တီးရီးယားတွေဟာ ပရိုဘိုင်အိုတစ် အဖြစ် အသုံးအဝင်ဆုံးနဲ့ အသုံးအများဆုံး ဘက်တီးရီယားတွေ ဖြစ်ပါတယ်။
ပရိုဘိုင်အိုတစ်တွေကို ခန္ဓာကိုယ်ထဲ ပုံမှန်ဖြည့်ဆည်းပေးထားခြင်းအားဖြင့် ရောဂါပိုးမွှားတွေ ခေါင်းထောင် မထလာနိုင်တော့ဘဲ ရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ပရိုဘိုင်အိုတစ်တွေဟာ အကျိုးပြုအဏုဇီဝပိုးမွှားတွေဖြစ်တာကြောင့် ရောဂါဖြစ်ပွားချိန်မှာ ကုသဖို့ အတွက်လည်း ထည့်သွင်းအသုံးပြုလာကြပါတယ်။ ရောဂါဖြစ်တယ်ဆိုတာ ခန္ဓာကိုယ်တွင်းမှာ ရောဂါပိုးမွှားတွေရဲ့ အချိုးအစား များပြားလာလို့ပါ။ အဲဒီအခြေအနေမှာ အကျိုးပြုပိုးမွှားဖြစ်တဲ့ ပရိုဘိုင်အိုတစ်တွေကို တိုက်ကျွေး ဖြည့်စွက်ပေးခြင်းအားဖြင့် အကျိုးပြုပိုးမွှားတွေရဲ့ အချိုးအစား ပြန်မြင့်တက်လာစေပါတယ်။ ရောဂါပိုးမွှားတွေအတွက် နေစရာ၊ စားစရာ လျော့နည်းသွားစေပါတယ်။ ဒါကြောင့်ပဲ ရောဂါပိုးမွှားတွေ ကျရှုံးပြီး ခန္ဓာကိုယ်မှာ ဝေဒနာတွေ လျော့ပါးသက်သာစေပါတယ်။ အချို့သော အကျိုးပြု အဏုဇီဝပိုးမွှားတွေဟာ ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးမွှားတွေကြောင့် ဖြစ်ပေါ်နေတဲ့ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာစေတယ်လို့ သုတေသနတွေကတွေ့ရှိထားပါတယ်။ ဥပမာအားဖြင့် စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်စီရေး (Saccharomyces cerevisiae) လို တစေးမျိုးဟာ ရောဂါပိုးမွှား တွေအတွက် နေရာမရှိအောင် ဆောင်ရွက်ပေးသလို ရောင်ရမ်းမှုတွေကိုလည်း လျော့ကျသက်သာစေတာမို့ ပရိုဘိုင် အိုတစ် အနေနဲ့ အသုံးပြုကြပါတယ်။
ပရိုဘိုင်အိုတစ်တွေဟာ ရောဂါပိုးမွှားတွေကို ထိန်းချုပ်ပေးရုံမျှမကပါဘူး။ ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းတွေ ကိုလည်း ကူညီပေးနိုင်ပါတယ်။ ဥပမာအားဖြင့် အစာခြေစနစ်ကို ကူညီပေးတာမျိုးပါ။ သူတို့တွေက အစားအစာထဲ တွေကို အစာလမ်းကြောင်းထဲမှာ ပိုမို ချေဖျက်နိုင်စေပြီး၊ အစားအစာထဲ ပါဝင်တဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ် ထဲဆီ ပိုမို စုပ်ယူအသုံးနိုင်စေပါတယ်။ ဒါကြောင့် အစာအစားကို ပိုပြီး ထိထိရောက်ရောက် အသုံးချလာနိုင်ပြီး၊ ခန္ဓာကိုယ် ဖွံ့ထွားကြံ့ခိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။
ဒါကြောင့်မို့ မွေးမြူရေးကဏ္ဍမှာ ပရိုဘိုင်အိုတစ်တွေဟာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်လာတာပါ။

မွေးမြူထားတဲ့ တိရစ္ဆာန်တွေမှာ ပရိုဘိုင်အိုတစ်တွေ သုံးစွဲခြင်းအားဖြင့် ပုံမှန် ကျန်းမာရေးကောင်းမွန်နေတဲ့အတွက် ဆေးကုသစရိတ်ကို လျှော့ချနိုင်ပါတယ်။ ရောဂါကြောင့် တိရစ္ဆာန်သေဆုံးတဲ့ ဆုံးရှုံးမှု၊ ထုတ်လုပ်မှု လျော့ကျတဲ့ဆုံးရှုံးမှု၊ ထုတ်ကုန်တွေရဲ့ဈေးနှုန်းလျော့ကျတဲ့ဆုံးရှုံးမှုတွေကို သိသိသာသာ ရှောင်ရှားလာနိုင်ပါတယ်။ ပဋိဇီဝဆေးဝါးသုံးစွဲမှု လျှော့ချနိုင်တဲ့အတွက် ပဋိဇီဝဆေးယဉ်ပါးမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ရာ ရောက်ပါတယ်။ မွေးမြူရေးထွက်ကုန်ဖြစ်တဲ့ အသား၊ နို့၊ ဥ စတဲ့ စားသောက်ကုန်တွေထဲမှာ ပဋိဇီဝဆေးကြွင်းတွေ ပါဝင် နိုင်တဲ့အန္တရာယ်ကို တားဆီးနိုင်ပါသည်။ ပဋိဇီဝဆေး အသုံးမပြုဘဲ မွေးမြူထုတ်လုပ်လာနိုင်မယ်ဆိုရင်တော့ မိမိတို့ ရဲ့ ထုတ်ကုန် အသား၊နို့၊ ဥ တွေကို "ပဋိဇီဝဆေးလွတ်စားသောက်ကုန် (Antibiotic-free)” အဖြစ် တန်ဖိုးမြင့်ထုတ်ကုန် ဈေးကွက်မှာ ရောင်းချဖို့အခွင့်အလမ်းရရှိလာနိုင်ပါတယ်။
ဒါကြောင့်ပဲ ကမ္ဘာတလွှားမှာ မွေးမြူရေးလုပ်ငန်းသုံး ပရိုဘိုင်အိုတစ်တွေ တိုးချဲ့ထုတ်လုပ်ပြီး အသုံးပြုလာကြတာ ဖြစ်ပါတယ်။ ပရိုဘိုင်အိုတစ်တွေဟာ သဘာဝကပေးတဲ့ လက်ဆောင်မွန်တွေပါ။ အဲဒီသဘာဝလက်ဆောင်တွေကို သိပ္ပံပညာက ဖော်ထုတ်ပြီး အသင့်သုံးနိုင်အောင် တီထွင်ကြံဆပေးထားပါတယ်။ မွေးမြူရေးကဏ္ဍမှာ အထိရောက်ဆုံး အသုံးပြုနိုင်ပြီး မွေးမြူသူများ အကျိုးဖြစ်ထွန်းနိုင်ကြစေဖို့ ဆန္ဒပြုလိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Ye Ko Ko Htut
1 year agoဟုတ်ကဲ့
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025