Green Way
ခရမ်းချဉ်သီး စိုက်ပျိုးခြင်း၏ အရေးပါမှု၊ ရာသီဥတုလိုအပ်ချက်နှင့် ဇီဝကမ္မဗေဒ

ခရမ်းချဉ်သီး စိုက်ပျိုးခြင်း၏ အရေးပါမှု၊ ရာသီဥတုလိုအပ်ချက်နှင့် ဇီဝကမ္မဗေဒ

Basic Agricultural Science - 189  Vegetable Crops –  Tomato (1b)

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - ၁၈၉ ဟင်းသီးဟင်းရွက်သီးနှံများ - ခရမ်းချဉ် (အမှတ်-၁ခ)

ယခု ဟင်းသီးဟင်းရွက်သီးနှံများတွင် အများဆုံးအသုံးပြုသော ခရမ်းချဉ်သီး အကြောင်း (အမှတ်-၁ခ) ဆက်လက် ဆွေးနွေးပါမည်။ 

ခရမ်းချဉ်သီး စိုက်ပျိုးခြင်း၏ အရေးပါမှု၊ ရာသီဥတုလိုအပ်ချက်နှင့် ဇီဝကမ္မဗေဒ

(က) ခရမ်းချဉ်သီး စိုက်ပျိုးခြင်း၏ အရေးပါမှု

ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးနီးပါးတွင် ခရမ်းချဉ်သီးသည် ဟင်းသီးဟင်းရွက်အဖြစ် စားသုံးခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်းနှင့် စီးပွားရေးအရ အခြားသီးနှံများထက် ဈေးကွက်ဝင်၊ စိတ်ဝင်စားမှုရှိနေသော သီးနှံတစ်မျိုးလည်း ဖြစ်ပါသည်။

စားသုံးမှုအရ (By consumption): ခရမ်းချဉ်သီးကို အစိမ်းလိုက်စားခြင်း၊ ချက်ပြုတ်ခြင်း၊ ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုခြင်း၊ ဆော့စ် (sauce/paste) နှင့် ချဉ်ရည်များ ထုတ်လုပ်ခြင်း (Puree/Ketchup) တို့တွင် အသုံးပြုနေပါသည်။

ကျန်းမာရေးအရ (By healthy diet): ဗီတာမင်-အေ (Vitamin A) ဗီတာမင်-စီ (Vitamin C) လိုင်ကိုပင်း (Lycopene)၊ ပိုတက်စီယမ်နှင့် အမျှင်ဓာတ်များ ကြွယ်ဝသောကြောင့် နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ မျက်လုံး အားနည်းခြင်းနှင့် အရိုးပါးခြင်းတို့ကို ကာကွယ် ပေးနိုင်ပါသည်။

စီးပွားရေးအရ (By Business): မိုးရာသီတွင် ဈေးကွက် ပါဝင်မှုမြင့်မားပြီး မိုးများသော ဒေသများတွင် စိုက်ပျိုးရန် ခက်ခဲသောကြောင့် ဈေးကောင်းရနိုင်ပါသည်။

ပုံ - ၁ ခရမ်းချဉ်သီးဟင်းနှစ်ရည်အမျိုးမျိုး

(ခ) ခရမ်းချဉ်ပင်အတွက် ရာသီဥတုလိုအပ်ချက် (Climatic Requirements for Tomato)

ခရမ်းချဉ်ပင်ကို အပူပိုင်းနှင့် သမပိုင်းရာသီဥတုရှိသော ဒေသများတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ပါသည်။ မြန်မာနိုင်ငံတွင် မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ် ကဲ့သို့သော ဒေသများတွင် အဓိကစိုက်ပျိုးကြပါသည်။ တစ်နိုင်ငံလုံး ၂.၅ သိန်းဧက ကျော် ပြည်နယ်တိုင်း အားလုံးနီးပါးအနဲ့အများ စိုက်ပျိုးကြပါသည် (Source – MoALI)

(ခ-၁) အပူချိန်လိုအပ်ချက်

အကောင်းဆုံးအပူချိန်: 18–27°C (ညအပူချိန် 16°C အထက်၊ နေ့အပူချိန် 35°C အောက်) ။

ပန်းပွင့်ချိန်အပူချိန်: နံနက်ပိုင်း ၁၅-ဒီဂရီ 15°C တွင် ပန်းပွင့်မှု အကောင်းဆုံးဖြစ်သည်။ 

အပူချိန်နည်းခြင်း၊ လွန်ကဲခြင်း၏ဆိုးကျိုး: အပူချိန် ၁၃-ဒီဂရီ 13°C အောက်နှင့် ၃၅-ဒီဂရီ 35°C အထက်တွင် ပန်းပွင့်များ ကြွေကျခြင်းနှင့် အသီးမတင်ခြင်းတို့ ဖြစ်စေနိုင်သည်။

(ခ-၂) မိုးရေချိန်နှင့် စိုထိုင်းဆ

မိုးရေချိန်: 600–1000 mm (25–40 လက်မ) ရှိသော ဒေသများတွင် ကောင်းစွာဖြစ်ထွန်း စိုက်ပျိုးနိုင်ပါသည်။ 

မိုးများခြင်း၏ဆိုးကျိုး: ပန်းပွင့်ချိန်နှင့် အသီးကင်းဝင်ချိန်တွင် မိုးအလွန်အကျွံ ရွာပါ က အပွင့်များပုပ်ခြင်းနှင့် အသီးငယ်များကြွေခြင်းတို့ ဖြစ်စေနိုင်သည် ။

စိုထိုင်းဆ: စိုထိုင်းဆနည်းသော အခြေအနေကို နှစ်သက်သည်။ စိုထိုင်းဆမြင့်မားပါက မှိုရောဂါများ (ဥပမာ - ခရမ်းချဉ်ခါးရိရောဂါ၊ ခရမ်းချဉ်ပင်ညိုးရောဂါ) ကျရောက် နိုင်ပါသည်။ မြန်မာနိုင်ငံတွင် ခရမ်းချဉ်သီးကို မှန်ခြံ (Glass House/Green House) နှင့် တစ်နှစ်ပတ်လုံး စိုက်ရန်ကတော့ အပူချိန်၊ အလင်းရောင် အတွက်လိုအပ်ချက် သိပ်မရှိနိုင်ဘဲ ရေ၊ အဟာရဓာတ်နှင့် ကုန်ကျစရိတ်ကုန်ကျမှုကြောင့် အမြတ်ပြန်ရနိုင်ရန် တွက် ချက်ရပါမည်။ နိုင်ငံတကာတွင်တော့ အစက်ချရေသွင်းစနစ် (Drip Irrigation) နှင့် ရေသွင်းရာတွင် မြေဩဇာအရည်ကို အသုံးပြုပြီး (Fertigation) ခရမ်းချဉ်သီးကို တစ်နှစ်ပတ်လုံး စိုက်ပျိုး ထုတ်လုပ်နေပါသည်။ 

ပုံ - ၂ အစက်ချရေသွင်း၊ မြေဩဇာရည်နှင့် ခရမ်းချဉ်သီးတနှစ်ပတ်လုံးစိုက်ပျိုးနေခြင်း

(ခ-၃) နေရောင်ခြည်လိုအပ်ချက်

နေရောင်ခြည်: တစ်နေ့လျှင် အနည်းဆုံး ၆–၈ နာရီ နေရောင်ခြည် လိုအပ်သည် ။

နေရောင်ခြည်နည်းခြင်း၏ဆိုးကျိုး: အလင်းရောင်နည်းပါက အသီးတင်မှုနှုန်း လျော့ကျခြင်းနှင့် ပိုးမွှားရောဂါ ကျရောက်နိုင်ခြေ မြင့်တက်စေနိုင်ပါသည် ။

(ဂ) ခရမ်းချဉ်ပင်၏ ဇီဝကမ္မဗေဒ (Physiology of Tomato)

(ဂ-၁) အပင်ကြီးထွားမှုအဆင့်များ (Growth Stages)

အစေ့အညှောက်ပေါက်ခြင်း: ခရမ်းချဉ်မျိုးစေ့များကို ပျိုးအိတ် သို့မဟုတ် ပျိုးဘောင်တွင် စိုက်ပျိုးပြီး 20 ရက်ခန့်အကြာတွင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည် ။

ပန်းပွင့်ခြင်း - ပန်းပွင့်ချိန်တွင် ညအပူချိန် ၁၆°C အထက် ရှိရန် အရေးကြီးသည်။ အပူချိန် လွန်ကဲပါက ပန်းပွင့်များ သန္ဓေမအောင်ခြင်း ဖြစ်စေနိုင်သည် ။

အသီးတင်ခြင်း - ပိုတက်စီယမ်ဓာတ်သည် အသီးတင်မှုအတွက် အထောက်အကူ ပြုသည်။ ပန်းပွင့်စအချိန်တွင် နိုက်ထရိုဂျင်ဓာတ်မြေသြဇာ အလွန်အကျွံသုံးစွဲပါ က အသီးမတင်ခြင်း ဖြစ်စေနိုင်သည် ။

ခရမ်းချဉ်ပင်များကို ၎င်းတို့၏ ကြီးထွားမှုပုံစံ (Growth Habit) အရ အုပ်စုနှစ်စု ခွဲထားသည်။

ကန့်သတ်ကြီးထွားမှုရှိသော/တစ်ချိန်တွင်ကြီးထွားမှုရပ်တံ့သွားသောမျိုး (Determinate varieties): ပန်းပွင့်ပြီးနောက် ကြီးထွားမှု ရပ်တန့်သွားသည်။

ကန့်သတ်မှုမရှိသောမျိုး/ကြီးထွားမှုရပ်တံ့ခြင်းမရှိဘဲဆက်လက်ကြီးထွားနေသောမျိုး (Indeterminate varieties): ပန်းပွင့်ချိန် နောက်ပိုင်းတွင်တွင်လည်း ဆက်လက်ကြီးထွား နေသည်။

(ဂ-၂) ဇီဝကမ္မဖြစ်စဉ်များ (Physiological Process of Tomato)

အလင်းရောင်အသုံးချ အစာချက်ခြင်း (Photosynthesis): ခရမ်းချဉ်ပင်သည် ကာဘွန် အက်တန် ၃-မျိုးသုံး (C3-Pathway) အပင်အမျိုးအစားဖြစ်ပြီး နေရောင်ခြည်ကို အသုံးပြု၍ စွမ်းအင် ထုတ်လုပ် သည်။

ဤဖြစ်စဉ်တွင် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO₂) နှင့် ရေ (H₂O) ကို အသုံးပြု၍ ဂလူးကို့စ် (Glucose) ကဲ့သို့သော သကြားဓာတ် (Sugars) များကို ထုတ်လုပ်သည်။ ဤသကြားဓာတ်များသည် အပင်၏ ကြီးထွားမှုနှင့် ဇီဝရုပ်ဖြစ်ပျက်မှု (Growth and Metabolism) အတွက် စွမ်းအင်အရင်းအမြစ်နှင့် အသီး၏ အရည်အသွေး (Quality) ကို ဆုံးဖြတ်ရာတွင် အရေးပါသော အပင်အတွင်းရှိပစ္စည်းများ ဖြစ်သည်။

အစာချက်လုပ်ခြင်း - လိုင်ကိုပင်း (Lycopene) သည် ခရမ်းချဉ်သီး၏ အနီရောင်ကို ဖြစ်စေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိ ရှိသည်။

ရေစုပ်ယူမှု - ခရမ်းချဉ်ပင်သည် မြေဆီလွှာတွင် ရေဝပ်ခြင်းကို မခံနိုင်သော်လည်း ပုံမှန်ရေလိုအပ်သည်။ ရေဝပ်ပါက အမြစ်ပုပ်ရောဂါ ဖြစ်စေနိုင်သည်။

ရေဓာတ်စီးဆင်းမှုနှင့် အာဟာရစုပ်ယူမှု (Water Relations and Nutrient Uptake)

ခရမ်းချဉ်ပင်သည် ၎င်း၏ အမြစ်စနစ် (Root system) မှတစ်ဆင့် ရေနှင့် အာဟာရ ဓာတ်များကို စုပ်ယူသည်။ အမြစ်မွှေးများ (Root hairs) သည် စုပ်ယူမှုဧရိယာကို သိသိသာသာ တိုးမြှင့်ပေးသည်။ စုပ်ယူထားသော အာဟာရဓာတ်များကို ရေကြော (Xylem) နှင့် အစာကြော (Phloem) ကဲ့သို့သော တစ်ရှူးမျှင်များ (Vascular tissues) မှတစ်ဆင့် အပင်၏ အစိတ်အပိုင်းအသီးသီးသို့ ပို့ဆောင်သည်။

ခရမ်းချဉ်စိုက်ပျိုးရာတွင် အဓိကလိုအပ်သော အာဟာရဓာတ်များ

နိုက်ထရိုဂျင် (N) အရွက်ကြီးထွားမှုနှင့် ပန်းပွင့်မှုအတွက် အရေးပါသည်။ သို့သော် အလွန်အကျွံသုံးစွဲပါက အရွက်ကြီးထွားမှု လွန်ကဲပြီး အသီးတင်နှုန်း ကျဆင်းနိုင်သည်။

ဖော့စ်ဖရပ် (P) အမြစ်ကြီးထွားမှုနှင့် အသီးရင့်မှည့်မှုကို အားပေးသည်။

ပိုတက်ဆီယမ် (K) အသီး၏အရည်အသွေး (သကြားဓာတ်ပါဝင်မှု၊ အရောင်) နှင့် ရေဓာတ်စီးဆင်းမှုကို ထိန်းညှိခြင်း (Water Regulation) တို့အတွက် အရေးပါသည်။

ဇယား - ၁ ခရမ်းချဉ်ပင် ဇီဝကမ္မဖြစ်စဉ်များ

ဟိုမုန်းများ၏အခန်းကဏ္ဍ (Role of Hormones)

ခရမ်းချဉ်ပင်တွင် အဓိကဟိုမုန်း (၅) မျိုး ပါဝင်သည်။

အောက်ဆင် (Auxins) အသီးဖြစ်ပေါ်ခြင်း (Fruit set) နှင့် ဆဲလ်ကြီးထွားမှု (Cell elongation) ကို နှိုးဆွပေးသည်။

ဂျစ်ဘရာလင် (Gibberellins) ပင်စည်တည်ဆောက်ပုံ (Stem elongation) နှင့် အစေ့ အညောက်မပေါက်ဘဲ ခေတ္တနေခြင်း (Seed dormancy) ကို ချိုးဖျက်ပေးခြင်းတို့တွင် ပါဝင်သည်။

ဆိုက်တိုကိုင်နင် (Cytokinins) ဆဲလ်ကွဲပွားမှု (Cell division) နှင့် အရွက်အိုမင်းမှုကို နှေးကွေးစေခြင်း (Delaying leaf senescence) တို့ကို အားပေးသည်။

အီသလင်း (Ethylene) အသီးရင့်မှည့်ခြင်း (Fruit ripening) နှင့် အရွက်ကြွေခြင်း (Leaf abscission) တို့ကို စတင်ပေးသော အဓိကဟိုမုန်းဖြစ်သည်။

အက်ဘက်ဆစ်အချဉ်ဓာတ် - အေဘီအေ (Abscisic Acid-ABA): အဖူး/မျိုးစေ့နားနေခြင်း /ငုတ်လျိုးနေခြင်း (Dormancy) နှင့် ရေငတ်ဒဏ်ကို တုံ့ပြန်မှု (Water stress response) (ဥပမာ- အရွက်ကြောပေါက်ဝများ - Stoma ကို ပိတ်ခြင်း) တို့တွင် ပါဝင်သည်။

ခရမ်းချဉ်အသီးဖြစ်ပေါ်မှုအဆင့်များ

ပန်းပွင့်ခြင်းနှင့် ဝတ်မှုန်ကူးခြင်း (Anthesis and Pollination)

သန္ဓေအောင်ခြင်း (Fertilization)

အသီးကြီးထွားခြင်း (Fruit Set and Growth): ဤအဆင့်တွင် ဆဲလ်ကြီးထွားမှု (Cell division) နှင့် ဆဲလ်ပြန့်ကားမှု (Cell expansion) တို့ ဖြစ်ပွားသည်။

အသီးရင့်မှည့်ခြင်း (Fruit Ripening): ခရမ်းချဉ်သည် ရာသီဥတုနှင့်သက်ဆိုင်သောအသီး (Climacteric fruit) ဖြစ်သောကြောင့် အီသိုင်လင်း (Ethylene) ဟိုမုန်းထုတ်လုပ်မှု တိုး လာခြင်းနှင့်အတူ အပင်စွမ်းအင်ရယူမှုနှုန်း (Respiration rate) မြင့်တက်လာခြင်းတို့ ဖြစ်ပေါ်သည် ။

ခရမ်းချဉ်ရင့်မှည့်ခြင်းဖြစ်စဉ်တွင် ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ အပြောင်းအလဲများ

အရောင်ပြောင်းခြင်း

အစိမ်းရောင်ကလိုရိုပလတ်စ် (Chloroplast) များမှ အနီ/လိမ္မော် ရောင်ခရိုမိုပလတ်စ် (Chromoplast) များသို့ ပြောင်းလဲသွားခြင်းကြောင့် လိုင်ကိုပင်း (Lycopene) နှင့် ဘီတာကယ်ရိုတင်းနီး (β-carotene) ကဲ့သို့သော ကာရိုတီနွိုက်ဓာတ် (Carotenoids) များ စုပုံလာသည် ။

အရသာနှင့် အနံ့ဖြစ်ပေါ်ခြင်း

သကြားဓာတ် (Sugars) (ဂလူးကို့စ်၊ ဖရက်တို့စ်) နှင့် အော်ဂဲနစ် အက်စစ်ဓာတ် (Organic acids) တို့ စုပုံလာခြင်းကြောင့် ဘရစ်ညွန်းကိန်း (Brix index) မြင့်တက်လာကာ ချိုချဉ်သောအရသာကို ဖြစ်ပေါ်စေသည်၊ အနံ့ဓာတ်ပေါင်းများ (Volatile compounds) ဟက်ဆီနယ်၊ ဂျီရာနီယယ် (Hexenal, Geranial) ထုတ်လုပ်မှုကြောင့် ခရမ်းချဉ်၏ ထင်ရှားသောအနံ့ကို ရရှိစေသည် ။

အသားအတွင်းသား ပျော့ပျောင်းလာခြင်း

ပက်တိန်း (Pectin) နှင့် ဆဲလ်လူးလို့စ် (Cellulose) ကဲ့သို့သော ဆဲလ်နံရံပစ္စည်းများ (Cell wall components) ကို ဖျက်ဆီး သော အင်ဇိုင်းများ (Enzymes) (Polygalacturonase, Pectin Methylesterase) ၏ လုပ်ဆောင်မှုကြောင့် အသီးသည် ပျော့ပျောင်းလာသည်။

(ဂ-၃) ရောဂါနှင့် ပိုးမွှားဒဏ်ခံနိုင်ရည်

ခရမ်းချဉ်မှိုရောဂါများ: ခါးရိရောဂါ (Damping-off) မြစ်ပုပ်ရောဂါနှင့် ပင်ညိုးရောဂါတို့ ကျရောက်နိုင်သည် ။

ကာကွယ်နည်း: ကော့ပါးအောက်ဆီကလိုရိုဒ် သို့မဟုတ် ဘော်ဒိုးရည် (Bordeaux Mixture) ဖျန်းခြင်းဖြင့် ကာကွယ်နိုင်သည် ။

 

မှီငြမ်းစာအုပ်၊ စာတမ်းများ (References)

Benton Jones, J. Jr. (1999) Tomato Plant Culture. CRC Press 199p.

Decoteau, D.R. (2000) Vegetable Crops. Prentice-Hall, Inc. 463p.

Serrano, E.P. and Ji Gang Kim (2013) Postharvest Handling of Tomato in Asia. RDA, Korea. 141p. 

စိုက်ပျိုးရေးဦးစီးဌာန (၂၀၁၁) ကျေးလက်မိသားစုများအတွက် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်ရေး ပညာပေးစာစောင်၊ (Vegetable Production Guide for Villagers by JICA) 

(ကျေးဇူးတင်လွှာ - ဤဆောင်းပါးအတွက် သိလိုသမျှဖြေကြားပေးပါသော စိုက်ပျိုးရေး တက္ကသိုလ်၊ ဥယျာဉ်သီးနှံပညာ၊ ပါမောက္ခဌာနမှူး (ငြိမ်း) ဒေါက်တာခင်သီတာမြင့်၊ ပါမောက္ခ (ဌာနမှူး) ဒေါက်တာစောထိုလွီထူး၊ ပါမောက္ခ၊ ဒေါက်တာမင်းဇာနီအောင်၊ လှည်းကူးကျောင်းခွဲကျောင်းအုပ်ကြီး (ပါမောက္ခ) ဒေါက်တာကြည်တိုး၊ အပင်မျိုး မွေးမြူရေး၊ ဇီဝကမ္မဗေဒ၊ ဂေဟဗေဒဌာန၊ ကထိက၊ ဒေါ်တင်လဲ့လဲ့ထွေး တို့အား ကျေးဇူးတင်စွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။)

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

Continue reading related topics, questions and articles.

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....