Green Way
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၁ - ၁၅. ၅. ၂၀၂၆)

တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၁ - ၁၅. ၅. ၂၀၂၆)

AMIA
AMIA 15/05/2026

ရာသီဥတုဖောက်ပြန်မှုနှင့် လောင်စာဆီအကျပ်အတည်း၊ အမေရိကန်အစိုးရ၏ အခွန်တိုးမြှင့်မှု စိန်ခေါ်ချက်များကို ကုစားရန် အိမ်နီးချင်းနိုင်ငံအချို့က ကုန်သွယ်ရေးမူဝါဒများကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသည်။ ထိုအခြေအနေက မြန်မာ့လယ်ယာပို့ကုန်များအပေါ် ရေတို၊ ရေရှည် အကျိုးသက်ရောက်မှုများ ရှိလာနိုင်ပြီး သီးနှံဈေးနှုန်းနှင့် ပတ်သက်၍ အခွင့်အရေးနှင့် စိန်ခေါ်မှုကို စောင့်ကြည့်ရမည်။

ဈေးနှုန်းအခွင့်အရေး ရနေသည့်ပြောင်း

နှစ်စဉ် ပြည်ပမှ ပြောင်းတန်ချိန် ၃ သန်းကျော်မှ ၄ သန်းဝန်းကျင် တင်သွင်းနေရသော ထိုင်းနိုင်ငံက အမေရိကန်မှ ပြောင်းတန်ချိန် တစ်သန်းဝယ်ရန် စီစဉ်နေသည်။ အမေရိကန်အစိုးရ၏ အခွန်ဖြေလျှော့ရေး အစီအစဉ်အတွက် ဝယ်ယူရမည့် အခြေအနေမျိုး ဖြစ်နေသည်။ ထိုင်းနိုင်ငံသည် တိရစ္ဆာန်အစားအစာအတွက် လိုအပ်သော ပြောင်းကို မြန်မာနိုင်ငံမှလည်း ဝယ်ယူနေသည်။ သွင်းကုန်အခွန်မဲ့ဖြင့် ဝယ်ယူခြင်းကြောင့် ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့ထက် ဈေးပိုပေးပြီး ဝယ်ယူနိုင်သည်။ ထို့ကြောင့် ထိုင်းနိုင်ငံမှ ဝယ်လိုအားကောင်းသဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်အထိ ပြည်တွင်းဈေးကွက်တွင် ပြောင်းဈေး ဆက်တိုက်မြင့်ခဲ့သည်။

ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်းဈေးက ပြည်ပဈေးငြိမ်သွားပြီး ပြည်တွင်းပြောင်းဈေး အနည်းငယ် အေးနေသည်။ မန္တလေးဈေးကွက်တွင် ပြောင်းဈေးက အမျိုးအစားအလိုက် ဈေးနှုန်းပြောင်းလဲနေသည်။ ရန်ကုန်ဈေးကွက်တွင် ပြည်ပရောင်းချသည့် ပြောင်း (FOB) ဈေးက တစ်တန် အမေရိကန်ဒေါ်လာ ၂၆၀/၂၇၀ ဖြင့် ဈေးငြိမ်နေသည်။ ပြည်တွင်းဈေး ပြောင်းတစ်ပိဿာလျှင် ကျပ် ၁,၈၃၀/၁,၈၅၀ မှ ၁,၇၈၀/၁,၈၀၀ သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင် ပြောင်းက အမျိုးအစားအလိုက် ဈေးနှုန်းအပြောင်းအလဲ ရှိနေသည်။ ယခုရက်သတ္တပတ်တွင် ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၉၅၂,၀၀၀ ကျော်၊ အထွက်တိုးပြောင်း (နီ) တစ်တန်လျှင် ကျပ် ၁,၈၄၈,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသော်လည်း CP ပြောင်း (သစ်) တစ်တန်လျှင် ကျပ် ၉၆၃,၀၀၀ ကျော်မှ ၉၈၆,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

မြေပဲပြည်တွင်းဈေး တက်လာ

မြေပဲလက်ကျန် လျော့နည်းလာချိန် လုပ်ငန်းသုံးရန် ဆီစက်များ၏ ဝယ်လိုအားရှိနေသဖြင့် မြေပဲပြည်တွင်းဈေးက အမျိုးအစားအလိုက် အနည်းငယ် မြင့်တက်လာသည်။ သို့သော် ပြည်ပရောင်းချသည့် မြေပဲ (လုံးဆန်) FOB ဈေးက ယခုလတွင် ဈေးငြိမ်နေသည်။ 

ရန်ကုန်ဈေးကွက်တွင် မြေပဲ (လုံးဆန်) ပြည်ပရောင်းချသည့် FOB ဈေးက တစ်တန်လျှင် ဒေါ်လာ ၁,၈၀၅/၁,၈၁၅ အထိ ဈေးတက်ပြီးနောက် ဈေးနှုန်းအပြောင်းအလဲ မရှိသေးပေ။

ယခုရက်သတ္တပတ် မြေပဲပြည်ပရောင်းချသည့် FOB ဈေးငြိမ်နေသော်လည်း ပြည်တွင်းဈေးကွက်တွင် မြေပဲ (ဆီဆန်) အမျိုးအစားများ ဈေးပြန်လည် မြင့်တက်လာသည်။ မန္တလေးဈေးကွက်တွင် မြေပဲဆီဆန် အမျိုးအစားအချို့က တစ်တန်လျှင် ကျပ် ၃၀၀,၀၀၀ ဝန်းကျင်အထိ ဈေးတက်လာသည်။ မေ ၁၁ ရက် မန္တလေးဈေးကွက်တွင် မြေပဲ (အနီ) ဆီဆန်တစ်တန်လျှင် ကျပ် ၆၃ သိန်းကျော်မှ မေ ၁၄ ရက်တွင် ကျပ် ၆,၆၁၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။ မြေပဲ (S1) ဆီဆန်ကလည်း တစ်တန်လျှင် ကျပ် ၆,၉၈၀,၀၀၀ ကျော်မှ ၇,၀၄၀,၀၀၀ ကျော်သို့ ဈေးပြောင်းသည်။ သို့သော် မြေပဲ (လုံးဆန်) များဖြစ်သည့် S1 လုံးဆန်တစ်တန်လျှင် ကျပ် ၇,၃၄၀,၀၀၀ ကျော်၊ အနီလုံးဆန်တစ်တန်လျှင် ကျပ် ၆,၉၂၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။

ပဲတီစိမ်းဈေး အနည်းငယ်ပြန်အေးလာ

တရုတ်ဝယ်လိုအား မျှော်လင့်ချက် လျော့နည်းမှုနှင့်အတူ ပဲတီစိမ်းက ပြည်တွင်းဈေးသာမက ပြည်ပဈေးလည်း အနည်းငယ် ကျဆင်းလာသည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်းဈေး အေးနေသော်လည်း မန္တလေးဈေးကွက်တွင် ပဲတီစိမ်း (အညာ) သစ်ဈေး အနည်းငယ် မာနေသည်။ ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း ပြည်ပရောင်းချသည့် FOB ဈေးက အမျိုးအစားအလိုက် ပဲတီစိမ်းတစ်တန်လျှင် ဒေါ်လာ ၂၀ ဈေးကျဆင်းလာသည်။ ပဲတီစိမ်း (အညာ) FAQ အမျိုးအစား၏ FOB တစ်တန်လျှင် ဒေါ်လာ ၉၄၀/၉၅၀ မှ ၉၂၀/၉၃၀ သို့ ဈေးပြောင်းပြီး ပဲတီစိမ်း (ရွှေဝါ) FAQ တစ်တန်လျှင် FOB ဒေါ်လာ ၁,၀၄၀/၁,၀၅၀ မှ ၁,၀၂၀/၁,၀၃၀ သို့ ဈေးပြောင်းသွားသည်။

ပြည်တွင်းဈေးကလည်း ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၆,၀၀၀/၆,၀၂၀ မှ ၅,၈၃၀/၅,၈၃၄၊ ပဲတီစိမ်း (ခရမ်း၊ ပဲခူး) ရွှေဝါတစ်ပိဿာလျှင် ကျပ် ၆,၆၆၅ မှ ၆,၄၁၅၊ ပဲတီစိမ်း (ဝါးခယ်မ) FAQ တစ်ပိဿာလျှင် ကျပ် ၅,၈၃၀/၅,၈၅၀ မှ ၅,၅၀၀/၅,၅၂၀ သို့ ဈေးပြောင်းသွားသည်။ မန္တလေးဈေးကွက်တွင် ပဲတီစိမ်း (အညာ) သစ်တစ်တန်လျှင် ကျပ် ၄,၀၈၀,၀၀၀ ကျော်မှ ၄,၁၃၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

ပြည်ပဈေးကျလာသည့် မတ်ပဲ

အိန္ဒိယအစိုးရ၏ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် လယ်သမားများအတွက် အာမခံချက်ပေးသည့် MSP (အနည်းဆုံးအာမခံဈေး) တိုးမြှင့်မှုတွင် မတ်ပဲလည်း ပါဝင်နေသည်။ ထို့ကြောင့် မတ်ပဲဈေးနှုန်းများ မြင့်တက်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းမှုများကိုလည်း မြင်တွေ့လာရသည်။ သို့သော် အိန္ဒိယတွင် စားသုံးသူများ၏ ဝယ်လိုအားပျော့မှုကြောင့် ကာလတိုအတွင်း မတ်ပဲ CNF (Cost and Freight) ဈေးက အနည်းငယ် အားပျော့နေသည်။ မြန်မာမတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၉၀ ဈေးဖွင့်သည်။

မြန်မာနိုင်ငံတွင်လည်း မတ်ပဲ FOB ဈေးက ဆက်လက်ကျဆင်းနေသည်။ ယခုရက်သတ္တပတ် မတ်ပဲပြည်ပရောင်းချသည့် FOB ဈေးက မတ်ပဲတစ်တန်လျှင် ၁၀ ဒေါ်လာ ဈေးလျော့သွားသည်။ မတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၇၇၅/၇၈၅ မှ ၇၆၅/၇၇၅၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၆၅/၈၇၅ မှ ၈၅၅/၈၆၅ သို့ ဈေးပြောင်းသွားသည်။ မတ်ပဲပြည်တွင်းဈေးကလည်း မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၀၆၉,၀၀၀ မှ ၃,၀၄၈,၀၀၀ သို့ ဈေးပြောင်းပြီး မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၃,၃၉၄,၀၀၀ မှ ၃,၃၆၈,၀၀၀ သို့ ဈေးပြောင်းသွားသည်။

ပြည်တွင်းဈေး အတက်အကျရှိနေသည့် ပဲစင်းငုံ

အိန္ဒိယအစိုးရ၏ MSP (အနည်းဆုံး အာမခံဝယ်ဈေး) တိုးမြှင့်မှုတွင် ပါဝင်နေသည့် ပဲစင်းငုံက ယခုရက်သတ္တပတ် ပြည်ပဈေးကျပြီး ပြည်တွင်းဈေး အပြောင်းအလဲများ ရှိနေသည်။ အိန္ဒိယဈေးကွက်တွင်လည်း မြန်မာပဲစင်းငုံ CNF ဈေးကျဆင်းနေသည်။ မြန်မာပဲစင်းငုံတစ်တန်လျှင် ဒေါ်လာ ၈၁၀/၈၁၅ မှ ၈၀၅/၈၁၀ သို့ ဈေးပြောင်းသွားသည်။ မြန်မာနိုင်ငံတွင်လည်း ပဲစင်းငုံ FOB ဈေးက တစ်တန်လျှင် ဒေါ်လာ ၂၀ ဈေးကျလာသည်။

ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ (နီ) 2024-2025 Crop တစ်တန်လျှင် ဒေါ်လာ ၇၄၀/၇၅၀ မှ ၇၂၀/၇၃၀၊ ပဲစင်းငုံ 2025/2026 Crop တစ်တန်လျှင် ဒေါ်လာ ၇၇၀/၇၈၀ မှ ၇၅၀/၇၆၀ သို့ ဈေးပြောင်းသွားသည်။ ယခုရက်သတ္တပတ် ပဲစင်းငုံပြည်တွင်းဈေးက တစ်တန်လျှင် ကျပ် ၃,၀၃၇,၀၀၀ မှ ၃,၀၁၇,၀၀၀ သို့ ဈေးကျပြီးနောက် ၃,၀၃၉,၀၀၀ သို့ ဈေးပြန်တက်လာသည်။ မန္တလေးဈေးကွက်တွင်လည်း ပဲစင်းငုံ (နီ) သစ်က တစ်တန်လျှင် ကျပ် ၂,၈၈၀,၀၀၀ ကျော်မှ ၂,၈၅၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

Continue reading related topics, questions and articles.

1
အောင်ရဲသူ

အောင်ရဲသူ

2 months ago

စပါးဈေး ငရုတ်ဈေးလဲတင်ပေးပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....