အာကာသထဲမှာ ထုတ်လုပ်တဲ့ သီးနှံမျိုးသစ်တွေ
“တိုးတက်တဲ့တိုင်းပြည်တွေက အာကာသထဲ လူတွေသွားပြီး သုတေသန စမ်းသပ်ချက်တွေလုပ်နေတာ၊ ငါတို့လို စိုက်ပျိုးမွေးမြူရေးတွေနဲ့ ဘာ များ သက်ဆိုင်မှာလဲ” တွေးကောင်းတွေးကြပါလိမ့်မယ်။
ဒါပေမယ့် အာဟာသသိပ္ပံစမ်းသပ်ချက်တွေနဲ့ စိုက်ပျိုး မွေးမြူရေးဟာ တိုက်ရိုက်ပတ်သက်လာနေပါတယ်။ စိုက်ပျိုးမွေးမြူရေးသမားတွေ၊ စိုက်ပျိုးမွေးမြူရေး ပညာရှင်တွေကလည်း အာကာသသိပ္ပံကို စိတ်ဝင်စားကြဖို့လိုအပ်လာနေပါတယ်။ ဘာကြောင့်လဲ ဆိုတာကို လျူယွမ် -၅၀၂ ဂျုံမျိုးအကြောင်းကနေတဆင့် လေ့လာကြည့်ရအောင်ပါ။
တရုတ်ပြည် အရှေ့မြောက်ပိုင်းမှာ လျူယွမ်-၅၀၂ (Luyuan 502) ဆိုတဲ့ ဂျုံမျိုးကို ကျယ်ကျယ်ပြန့် ပြန့် စိုက်ပျိုးကြတာကို တွေ့ရနိုင်ပါတယ်။ လက်ရှိမှာ လျူယွမ်-၅၀၂ ဟာ တရုတ်ပြည်ရဲ့ ဒုတိယစိုက်ပျိုးမှုအများဆုံး ဂျုံ အမျိုးအစား ဖြစ်ပါတယ်။ လျူယွမ်-၅၀၂ ဟာ တရုတ်နိုင်ငံရဲ့ ဂျုံစိုက်ပျိုးရေးမှု စံအဖြစ် သတ်မှတ်ထားတဲ့ မျိုး တွေထက် ထုတ်လုပ်မှု ၁၁ ရာခိုင်နှုန်း ပိုများပါတယ်။ ရေငတ်တဲ့ဒဏ်နဲ့ ရောဂါပိုးမွှားဒဏ်ကိုလည်း ပိုပြီးခံနိုင်ပါ တယ်။ ဒါကြောင့်လည်း လျူယွမ်-၅၀၂ ကို အများအပြား စိုက်ပျိုးလာကြတာပါ။
လျူယွမ်-၅၀၂ ကို တရုတ်စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ (Chinese Academy of Agricultural Sciences - CAAS) လက်အောက်မှာရှိတဲ့ ကောက်ပဲသီးနှံစိုက်ပျိုးရေးသိပ္ပံ (Institute of Crop Sciences) နဲ့ ပြည်နယ် အဆင့်အဖွဲ့အစည်းဖြစ်တဲ့ ရှန်တုန်းပြည်နယ်စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ (Shandong Academy of Agricultural Sciences) တို့ ပူးပေါင်းပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က ထုတ်ပြန်တဲ့ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ အစီရင်ခံစာအရ တရုတ် နိုင်ငံမှာ လျူယွမ်-၅၀၂ ဂျုံကို ဟက်တာ ပေါင်း ၃.၆ သန်းကျော် စိုက်ပျိုးထားတယ်လို့ သိရပါတယ်။ ဒီပမာဏ ဟာ ဥရောပက ဆွစ်ဇာလန်နိုင်ငံ တစ်နိုင်ငံလုံးရဲ့ ဧရိယာထက်တောင် ပိုပြီး ကျယ်ပြန့်ပါသေးတယ်။ ၂၀၂၄ ခုနှစ် မေလ က ထုတ်ဝေတဲ့ တရုတ်ပြည်သူ့နေ့စဉ် အွန်လိုင်းသတင်းစာရဲ့ သတင်းတစ်ပုဒ်မှာတော့ လျူယွမ်-၅၀၂ ဂျုံ စိုက်ပျိုးထားတဲ့ဧရိယာဟာ ဟက်တာပေါင်း ၆.၇ သန်း (တရုတ်မူ သန်း ၁၀၀) ရှိနေပြီလို့ ဖော်ပြထားပါတယ်။
လျူယွမ်-၅၀၂ ဂျုံမျိုးကို ထုတ်လုပ်ထားပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီဂျုံမျိုးကို အာကာသထဲမှာ ထုတ်လုပ်ထားတာပါ။
သိပ္ပံပညာရှင်တွေဟာ အရည်အသွေးစီစစ်ရွေးချယ်ထားတဲ့ ဂျုံမျိုးစေ့တွေကို အာကာသထဲထိအောင် ယူဆောင် သွားကြပါတယ်။ တိတိကျကျပြောရရင် ကမ္ဘာမြေပြင်ရဲ့အထက် မိုင်ပေါင်း ၂၀၀ (ကီလိုမီတာ ၃၄၀) အမြင့်မှာရှိတဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲကို ယူဆောင်သွားကြတာပါ။ အဲဒီနေရာမှာ ကမ္ဘာမြေပြင်ရဲ့ ဆွဲငင်အား (gravity) မရှိတော့ပါဘူး။
အာကာသထဲမှာ နေနဲ့ အခြားသော ကြယ်တွေက ထုတ်လွှတ်တဲ့ အာကာသရောင်ခြည် (Cosmic ray) တွေ ရှိနေပါတယ်။ အဲဒီရောင်ခြည်တွေက လူနဲ့ အခြားသက်ရှိတွေအပေါ် အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ ရောင်ခြည်တွေ ကမ္ဘာမြေပေါ် ကျရောက် မလာအောင် သံလိုက်စက်ကွင်း (protective magnetic shield) နဲ့ ကမ္ဘာ့လေထုတို့က ကာကွယ်ပေးထားပါတယ်။ ဒါပေမယ့် အာကာသထဲ ရောက်သွားရင်တော့ အဲဒီ ရောင်ခြည်တွေရဲ့ ဒဏ်ကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် အာကာသထဲ သွားရောက်မယ့်သူတွေဟာ အာကာ သရောင်ခြည်တွေကို ကာကွယ်မယ့် အစီအမံတွေ အပြည့်အစုံ လုပ်ဆောင်ကြရပါတယ်။
အာကာသထဲကို ပို့လွှတ်လိုက်တဲ့ ဂျုံစေ့တွေဟာ အာကာသရောင်ခြည် (Cosmic ray) တွေနဲ့ ထိတွေ့ခံကြရပါတယ်။ အဲဒီဒဏ်ကြောင့် ဂျုံစေ့တွေရဲ့ မျိုးဗီဇ(DNA) မှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ မျိုးဗီဇ တွေ ပုံမှန်မဟုတ်တော့ဘဲ ထူးခြားပြောင်းလဲ သွားတာကို မျိုးဗီဇထွန်းခြင်း (mutation) လို့ ခေါ်တာပါ။
အဲဒီလို မျိုးဗီဇထွန်းသွားတဲ့ မျိုးစေ့တွေကို ကမ္ဘာမြေပေါ် ပြန်လည်ယူဆောင်လာပြီး စိုက်ပျိုးရေး ပညာ ရှင်တွေက ပြန်လည်စမ်းသပ်စိုက်ပျိုးကြည့်ကြပါတယ်။

အာကာသထဲ ရောက်သွားလို့ မျိုးဗီဇထွန်းသွားတဲ့ ဂျုံစေ့တွေမှာ မျိုးဗီဇထွန်းပုံချင်းတော့ မတူပါဘူး။ အချို့မျိုးစေ့တွေက ကမ္ဘာမြေပေါ်ပြန်ရောက်တဲ့အခါ အပင်ကို မပေါက်နိုင်တော့ဘူးလို့ ဆိုပါတယ်။ အချို့သော မျိုးစေ့တွေကတော့ ထုတ်လုပ်မှုတွေမြင့်မားလာသလို၊ ရေငတ်ဒဏ်၊ ရောဂါဒဏ်တွေကို ပိုမိုပြီး ခံနိုင်ရည်ရှိလာ ကြပါတယ်။ လျူယွမ်-၅၀၂ ဟာ အဲဒီလို ပိုကောင်းတဲ့ အရည်အသွေးတွေ ဖြစ်ပေါ်လာတဲ့ ဂျုံစေ့တွေကို မျိုးအ ဖြစ် ထုတ်လုပ်ထားတာပါ။
လျူယွမ်-၅၀၂ နည်းတူ ဟန်းမေ - ၈၀၂ (Hangmai 802) ဂျုံမျိုးကိုလည်း စီးပွားဖြစ်သီးနှံမျိုး အဖြစ် မကြာသေးခင်က စိုက်ပျိုးခွင့်ပြုခဲ့ပါသေးတယ်။ သူကတော့ ဆားပေါက်တဲ့ မြေမှာ စိုက်ပျိုးနိုင်တဲ့ ဂျုံမျိုး ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ တရုတ်ပြည် အရှေ့ပိုင်း အန်းဟွေ့ပြည်နယ်ထဲက ကိုယ်ပိုင်ထုတ်လုပ်တဲ့ ဂျုံမျိုးစေ့ ၁၀၀ ဂရမ် ကို အာကာသထဲ ပို့ပြီး မျိုးဗီဇထွန်းအောင် လုပ်ထားတာပါ။ အာကာသထဲက ပြန်ပါလာတဲ့ မျိုးစေ့တွေထဲက ရွေးချယ်ပြီး ဟန်းမေ - ၈၀၂ ကို ထုတ်လုပ်ထားတာပါ။ စမ်းသပ်မှုတွေ ပြုလုပ်ပြီး ၈ နှစ်အကြာ ၂၀၂၁ ခုနှစ်မှာ စီးပွားဖြစ် စိုက်ပျိုးခွင့်ပြုလိုက်တာပါ။
အာကာသထဲကို မျိုးစေ့တွေ ယူဆောင်သွားပြီး၊ အဲဒီ မျိုးစေ့တွေရဲ့ မျိုးဗီဇတွေ ထွန်းလာအောင် လုပ်ဆောင်တာကို space mutagenesis (အကာသတွင်း မျိုးဗီဇထွန်းစေခြင်း) လို့ ခေါ်ပါတယ်။ အဲဒီနည်းလမ်းနဲ့ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ မျိုးကောင်းမျိုးသန့် အသစ်တွေ ဖော်ထုတ်တာကိုတော့ space breeding (အာကာသတွင်း သီးနှံမျိုးထုတ်လုပ်ခြင်း) လို့ ခေါ်ပါတယ်။
ဒီနည်းလမ်းဟာ အခုမှ ပေါ်ပေါက်လာတဲ့ နည်းပညာအသစ်တော့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံဟာ ပြီးခဲ့ တဲ့ ၄၅ နှစ်ဝန်းကျင်ကတည်းက အာကာသတွင်း သီးနှံမျိုးထုတ်လုပ်ခြင်း နည်းပညာ ခြေလှမ်းကို စတင်ခဲ့တာလို့ ဆိုရမှာပါ။ တရုတ်အာကာသသိပ္ပံလေ့လာရေး အဖွဲ့အစည်းအနေနဲ့ ကမ္ဘာမြေပေါ် ပြန်လည်ဆင်းသက်နိုင်တဲ့ ဂြိုဟ်တုတွေကို အာကာသထဲ လွှတ်တင်ခဲ့ရာမှာ ၁၉၇၈ ခုနှစ် အရောက်မှာတော့ ၉ ခုမြောက် ဂြိုဟ်တုကို လွှတ်တင်နိုင်ပြီ ဖြစ်ပါတယ်။ အဲဒီဂြိုဟ်တုထဲမှာ သီးနှံမျိုးစေ့ အချို့ကို ပထမဆုံး အကြိမ်အဖြစ် ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်မှာ တရုတ်ပြည်ရဲ့ ပထမဆုံး အာကာသတွင်းသီးနှံမျိုးထုတ်လုပ်ခြင်း နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ မျိုးစေ့အဖြစ် Yujiao 1 ငရုပ်ချိုမျိုး ကို ဖြန့်ချိခဲ့တာပါ။
၂၀၀၆ ခုနှစ်မှာတော့ ရှီကျန်း - ၈ (Shijian-8) ဂြိုဟ်တုကို သီးနှံမျိုးစေ့တွေ အဓိကသယ်ဆောင်ထားတဲ့ ကမ္ဘာ့ပထမဆုံး ဂြိုဟ်တုအဖြစ် လွှတ်တင်ခဲ့တာပါ။ အဲဒီ ဂြိုဟ်တုထဲမှာ ကောက်ပဲသီးနှံ၊ ဝါဂွမ်း၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးနဲ့ အဏုဇီဝပိုးမွှား စုစုပေါင်း အလေးချိန် ကီလိုဂရမ် ၂၀၀ ကျော်၊ မျိုးစိတ်ပေါင်း ၁၅၂ ခု ကို သယ်ဆောင်စေခဲ့တာ ဖြစ်ပါတယ်။
BBC သတင်းတစ်ပုဒ်အရ ၂၀၂၂ မေလအတွင်း လွှတ်တင်ခဲ့တဲ့ ရှန်ကျိုး-၁၃ (Shanzhou -13) အာကာသခရီးစဉ်မှာ မျိုးစေ့ပေါင်း ၁၂,၀၀၀ ကို တရုတ်အာကာသသိပ္ပံစခန်း (Tiangong) ကို သယ်ဆောင်သွားပြီး ၆ လကြာ စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
၂၀၂၀ ခုနှစ်မှာ လဆင်းယာဉ် ချန်အာ -၅ (Chang'e-5) နဲ့အတူ လပေါ်ကို စပါးမျိုးစေ့တွေ ထည့်ပေးလိုက်ပါသေးတယ်။ ကမ္ဘာမြေပေါ်ပြန်ရောက်လာတဲ့အခါ အဲဒီ စပါးစေ့တွေကို ဓာတ်ခွဲခန်းထဲ ပြန်ပြီး စိုက်ပျိုးကြည့်ရာမှာ အပင်ပေါက်တာ တွေ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာ တရုတ်ဟာ အာကာသတွင်း သီးနှံ မျိုးထုတ်လုပ်ခြင်း နည်းပညာမှာ ထိပ်တန်းရောက်နေတဲ့ နိုင်ငံပါ။ အာကာသတွင်း သီးနှံမျိုး ထုတ်လုပ်ခြင်း နည်းလမ်းကို စမ်းသပ်မှုပေါင်း ၃၀၀၀ ကျော် ပြုလုပ်ထားပြီး၊ အဲဒီ စမ်းသပ်မှုတွေက ထွက်ပေ့်လာတဲ့ သီးနှံမျိုးစိတ်ပေါင်း ၃၀၀ ကျော်ကို ခွင့်ပြုထားပြီး ဖြစ်ပါတယ်။
ဒီနည်းလမ်းနဲ့ ထုတ်လုပ်တဲ့ သီးနှံမျိုးသစ်တွေကြောင့် တရုတ်ပြည်ရဲ့ ကောက်ပဲသီးနှံ ထုတ်လုပ်မှုက တန်ချိန်ပေါင်း ၂ သန်းကျော် နှစ်စဉ် တိုးတက်လာတယ်လို့ ဆိုပါတယ်။ တိုက်ရိုက်ဝင်ငွေ ယွမ် ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃.၈၁ ဘီလီယံ) တိုးတက်ရရှိစေတယ်လို့ တွက်ချက်ထားကြပါတယ်။
တကယ်တော့ အာကာသတွင်း သီးနှံမျိုး ထုတ်လုပ်ခြင်းနည်းလမ်းကို တရုတ်က စတင်လုပ်ဆောင်တာတော့ မဟုတ်ပါဘူး။ ဆိုဗီယက်နဲ့ အမေရိကန်သိပ္ပံပညာရှင်တွေက စတင်ခဲ့တာပါ။ ဒီ နည်းလမ်းရဲ့အစဟာ ဆိုဗီယက် ဂြိုဟ်တု Kosmos 782 နဲ့အတူ မုန်လာဥနီ ဆဲလ်တွေ ကို ကမ္ဘာပတ်လမ်းကြောင်းထဲ ထည့်ပေးလိုက်ရာက စတင်တယ်လို့ ဆိုနိုင်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် ကမ္ဘာမြေပြင်ပေါ်က စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ဖို့ ကမ္ဘာမြေနဲ့ အလှမ်းကွာဝေးတဲ့ စင်္ကြာဝဠာဟင်းလင်းပြင်ထဲက အာကာသဓာတ်ရောင်ခြည်တွေကို အသုံးချခဲ့ကြတာကို သတိပြုစရာပါ။ တချိန်တည်းမှာ ကမ္ဘာ့လူသားထုရဲ့ စားနပ်ရိက္ခာ ဖူလုံရေးအတွက် အာကာသသိပ္ပံပညာကို အံ့မခန်း အသုံးချနိုင်တယ် ဆိုတဲ့ အသိအမြင်အသစ်လေးကလည်း တန်ဖိုးရှိလှပါတယ်။
မိုးနဲ့မြေဟာ ဆက်စပ်နေပါတယ်။ အာကာသသိပ္ပံကလည်း စိုက်ပျိုးရေးကို ဆက်စပ်လာပါတယ်။ အခြား ပညာရပ်နယ်ပယ်တွေအားလုံးဟာလည်း မိုးနဲ့ မြေလောက် အဟပ်ကွာနေရင်တောင် တနည်းနည်းနဲ့ ဆက်စပ်နေမှာပါပဲ။ အဲဒီအဆက်အစပ်တွေကို ဖော်ထုတ်ဖို့ လူသားတွေရဲ့ စူးစမ်းလေ့လာလိုစိတ်က အထောက်အကူပြုပါလိမ့်မယ်။ ကိုယ်တိုင် စူးစမ်းလေ့လာမှု မပြုနိုင်သေးချိန်မှာ သူများတွေ လေ့လာဖော်ထုတ်ထားတာတွေကို အချိန်နည်းနည်းစီပေးပြီး ဖတ်မှတ်လေ့လာကြပါစို့ ခင်ဗျား...။
ကိုးကား
(၁) Space breeding significant in protecting China's biological diversity, upgrading industrial chain: Romance from space blooms
By Fan Anqi (Global Times , 17 April 2024)
(၂) How China is creating new foods in space By Tereza Pultarova (BBC , 11 July 2022)
(၃) Space-bred seeds enter Chinese people's daily lives (People's Daily Online) May 29, 2024
(၄) Cosmic rays, explained By Louise Lerner (news.uchicago.edu)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ဘက်မှာ နွေစပါးမျိုး နယူဧရာ11,GW11, GW18 တို့စိုက်ပျိုးရင် ရေမြေဒေသအဆင်ပြေနိုင်ပါလားဗျာ့။သိတဲ့သူများဖြေပေးကြပါဦး။ (ပုံမှာကရွှေဝါထွန်းမျိုးပါရက်90ရှိနေပါပြီ။)
U Mg Mg Tin • 1 answers
အရွက်မျာပေါ်မှာ ရွက်ထွင်းပိုးများကျရောက်နေပါတယ်. ဘယ်လိုကြိုတင်ကာကွယ်ရမလဲ
Naing Win Tun • 1 answers
ကျောက်စီမ်းငရုတ်စိုက်နည်းအစုံသိချင်ပါတယ်ဗျ ဘယ်နှစ်ရက်သားဆိုဘယ်လိုဆေးတွေသုံးရမယ် ဘယ်လိုပြုစုရမယ်ဆိုတာအကုန်ပြောပြပေးပါလားခင်ဗျ
မင်းခန့် • 2 answers
ကျွန်နော် ခုမှ စစိုက်ပျိုးမလို့ပါ ကျောက်ဖရုံကို စီးပွားဖစ်စိုက်ပျိုးချင်ပါတယ်ဗျ ရေလျံတွင်းလဲရှိပါတယ် ဘယ်လိုစိုက်ပျိုးရမလဲဗျ
စောဘုန်းထက် • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Khaing Kyi Thit
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....