Analog Forestry နှင့် သွင်းအားစု လျှော့ချသုံးစွဲရေး(သီရိလင်္ကာနိုင်ငံ Kaley Tea Estate ၏ လက်တွေ့ဆောင်ရွက်ချက်များ)
စိုက်ပျိုးရေးကဏ္ဍအနေနဲ့ မိမိတို့ရဲ့ စီးပွားရေးအကျိုးအမြတ်ကို မထိခိုက်စေဘဲ ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းပြီး ပျောက်ဆုံးသွားတဲ့ ဇီဝမျိုးကွဲစုံလင်မှုကို ပြန်လည်ယူဆောင်လာနိုင်ဖို့ သစ်တောပုံတူစိုက် ခင်းထူထောင်ခြင်း (Analog Forestry) ဆိုတဲ့ နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ သစ်တောပုံတူစိုက်ခင်းတွေကို ထူထောင်တဲ့အခါ အခြေခံသဘောတရား ၁၂ ချက် ကို လိုက်နာကျင့်သုံးရမှာဖြစ်ပြီး အဲဒီထဲက တစ်ချက်ကတော့ ပြင်ပက သွင်းအားစုတွေကို လျှော့ချသုံးစွဲပါ (Reduce ratio of external energy in production) ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
သစ်တောပုံတူစိုက်ခင်းတွေ တည်ထောင်ပြီး ဂေဟစနစ်ပြန်လည်ထိန်းသိမ်းမှုတွေ စတင်လုပ်ဆောင်လာနေတဲ့ သီရိလင်္ကာနိုင်ငံရဲ့ လက်ဖက်ကဏ္ဍကို သွားရောက်လေ့လာခွင့်ရခဲ့စဉ်မှာ “ပြင်ပက သွင်းအားစုတွေ လျှော့ချသုံးစွဲနိုင်ရေး” အတွက် သစ်တောပုံတူစိုက်ခင်းထဲမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို စနစ်တကျ ပေါင်းစပ်ပြီး လုပ်ဆောင်နေကြတာကို လေ့လာခွင့် ရရှိခဲ့ပါတယ်။ အဲဒီထဲက ကာလေ လက်ဖက်ခြံ (Kaley Tea Estate) ရဲ့ ဆောင်ရွက်ပုံလေးကို မျှဝေတင်ပြလိုပါတယ်။
တည်နေရာနဲ့ သမိုင်းကြောင်း
Kaley Tea Estate ဟာ သီရိလင်္ကာနိုင်ငံရဲ့ မြို့တော် ကိုလံဘိုကနေ ကီလိုမီတာ ၁၅၀ ခန့် အကွာမှာ တည်ရှိပါတယ်။ နိုင်ငံရဲ့ တောင်ပိုင်းတိုင်း (Southern Province)၊ မတ္တာရာခရိုင် (Matara District) ၊ ကိုတာပိုလာမြို့နယ် (Kotapola Divisional secretariats) မှာ တည်ရှိပါတယ်။
လက်ဖက်စိုက်ခင်းတွေကို ၁၉၉၅ ခုနှစ် ဝန်းကျင်လောက်ကတည်းက စတင်စိုက်ပျိုးခဲ့တာပါ။ ဒါပေမယ့် အဲဒီအချိန်တုန်းက အဲဒီလက်ဖက်ခင်းတွေကို Kaley က မပိုင်ဆိုင်သေးပါဘူး။ ၂၀၁၅ ခုနှစ်ရောက်မှ အဲဒီလက်ဖက်ခြံတွေကို ဝယ်ယူခဲ့ပြီး Kaley လက်ဖက်ခြံအဖြစ် စတင်ခဲ့တာပါ။ Kaley ရဲ့ ပိုင်ရှင်သစ်က သြဂဲနစ် လက်ဖက်ထုတ်လုပ်ရေးကို အာရုံစိုက်လုပ်ဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ Kaley ဟာ သြဂဲနစ် လက်ဖက်ခြံအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီ ဖြစ်ပါတယ်။ Kaley Tea Estate လို့ နာမည်ပေးထားတာကြောင့် လက်ဖက်ခြံလို့ လွယ်လွယ်မှတ်ယူနိုင်ပေမယ့် Analog forestry နည်းနဲ့ သဘာဝတောအုပ်အသွင် စိုက်ပျိုးရေးခြံကြီးကို တည်ထောင်နေတဲ့ စီမံကိန်းတစ်ခုလို့ ပြောဖို့ ပိုသင့်တယ် ထင်ပါတယ်။
စီမံကိန်းအရွယ်အစားနဲ့ စိုက်ပျိုးပင်များ
၂၀၁၅ ခုနှစ်က စတင်တဲ့ အဲဒီစီမံကိန်းဟာ ဧက ၅၀ ပါဝင်ပါတယ်။ လက်ဖက်ခင်းတွေနဲ့ အခြားသီးနှံပင်တွေ သဘာဝတော ဧရိယာတွေ ရောနှောနေတာပါ။
လက်ဖက်စိုက်ခင်းတွေက ဧက ၃၀ ရှိပြီး စိုက်ကွက် ၁၂ ကွက် ခွဲခြားထားပါတယ်။ အကြီးဆုံး စိုက်ကွက်က ၃ ဧကခွဲပဲ ကျယ်ဝန်းပါတယ်။ ကျန်တဲ့ ၂၀ ဧက ကိုတော့ သဘာဝတောအဖြစ် ပြုစုထိန်းသိမ်းထားပါတယ်။ စိုက်ဧက ၃၀ အတွင်းမှာ လက်ဖက်ပင် တစ်မျိုးတည်း စိုက်ပျိုးရာကနေ ပြီးခဲ့တဲ့နှစ်အနည်းငယ်ကစတင်ပြီး Analog Forestry အဖြစ်ပြောင်းလဲနေပါတယ်။ ဒါကြောင့် လက်ဖက်ခင်းတွေကြားမှာ သစ်ဂျပိုး၊ ငှက်ပျော၊ မာလကာ၊ သရက်၊ ပိန္နဲစသည်ဖြင့် အခြားသော အပင်မျိုးစိတ်တွေကိုပါ ရောနှောစိုက်ပျိုးထားပါတယ်။ စီးပွားရေး အရ အဓိက အကျဆုံးကတော့ လက်ဖက်ပင်ဖြစ်ပြီး၊ ဒုတိယကတော့ သစ်ဂျပိုးပင် ဖြစ်ပါတယ်။ လက်ဖက်ပင် စိုက်ပျိုးမှုအနေနဲ့ တစ်ဧကကို လက်ဖက်ပင်အရေအတွက် ၄၅၀၀ နှုန်း စိုက်ပျိုးထားတယ်လို့ သိရပါ တယ်။
လက်ဖက်ပင်အတွက် လိုအပ်တဲ့ မြေဩဇာသွင်းအားစု
သီရိလင်္ကာနိုင်ငံဟာ တစ်နှစ်ပတ်လုံးနီးပါး မိုးရွာတဲ့နိုင်ငံဖြစ်တာကြောင့် Kaley လက်ဖက်ခြံအပါအဝင် လက်ဖက်ခြံအများစုဟာ လက်ဖက်ရွက်ကို တစ်နှစ်ပတ်လုံး ခူးဆွတ်ကြပါတယ်။ လက်ဖက်အရွက်တွေကို နေ့စဉ်နီးပါး ခူးဆွတ်နေတာကြောင့် မြေဆီလွှာထဲက အာဟာရဓာတ်တွေကို အဆက်မပြတ် ထုတ်ယူသုံးစွဲနေတာ အသေအချာပါပဲ။ အဲဒီလို ထုတ်ယူသုံးစွဲလိုက်တဲ့ အာဟာရဓာတ်တွေ (အထူးသဖြင့် နိုက်ထရိုဂျင်) ကို ပြန်လည်ဖြည့်တင်းပေးမှသာ မြေဆီလွှာဟာရှင်သန်နေပြီး၊ လက်ဖက်ရွက်တွေကို စဉ်ဆက်မပြတ် ခူးဆွတ်နေနိုင်မှာ ဖြစ် ပါတယ်။
သီရိလင်္ကာနိုင်ငံ လက်ဖက်သုတေသနဌာန (Tea Research Institute – TRI) က ၂၀၀၀ ပြည့်နှစ်မှာ သုတေသနပြုထုတ်ပြန်ထားတဲ့ ဒေသအလိုက် လက်ဖက်ခင်းတွေထဲကို နှစ်စဉ်ဖြည့်သွင်းရမယ့် မြေဩဇာပမာဏအကြံပြုချက် (ကီလိုဂရမ်/ ဟက်တာ/နှစ်) ကို အောက်မှာ လေ့လာနိုင်ပါတယ်။

Kaley ဟာ လက်ဖက်ခင်း ဧက ၃၀ (၁၂.၁၄ ဟက်တာ) ကနေ တစ်လကို လက်ဖက်ရွက် ကီလို ၅၀၀၀ နဲ့ ၈၀၀၀ ကြား ပုံမှန် ခူးဆွတ်ထုတ်လုပ်နေတာပါ။ ဒါကြောင့် Kaley ဟာလည်း လက်ဖက်ခင်းတွေထဲကို မြေဩဇာသွင်းအားစုတွေ ဖြည်သွင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်၊၊ Kaley ဟာ မြေမျက်နှာသွင်ပြင်အရ အနိမ့်ပိုင်း (Low Country) မှာ ရှိနေတာမို့ TRI ရဲ့ လမ်းညွှန်ချက်အရဆိုရင် တစ်နှစ်ကို နိုက်ထရိုဂျင် (N) ၁၁၀၀ ကနေ ၁၇၀၀ ကီလိုဂရမ် လောက် [ပုလဲဓာတ်မြေဩဇာ(နိုက်ထရိုဂျင် ၄၆%) ၂၃၉၀ - ၃၆၉၅ ကီလိုဂရမ်] ဖြည့်သွင်းဖို့ လိုအပ်မှာ ဖြစ်ကြောင်း တွက်ချက်ကြည့်နိုင်ပါတယ်။
တစ်ဖက်မှာက Kaley ဟာ သြဂဲနစ်လက်ဖက်ခြောက်တွေ ထုတ်လုပ်နေတာဖြစ်ပြီး ဓာတ်မြေဩဇာတွေ ထည့်သွင်းအသုံးပြုဖို့ အဆင်မပြေပါဘူး။ ဒါ့အပြင် Analog Forestry ကို တည်ထောင်နေတာမို့ “ပြင်ပက သွင်းအားစုတွေကို လျှော့ချသုံးစွဲပါ” ဆိုတဲ့ အခြေခံသဘောတရားကိုလည်း မဖြစ်မနေ လိုက်နာဖို့ လိုအပ်တယ်။ ဒီအတွက် Kaley ဟာ ပြင်ပက မြေဩဇာသွင်းအားစုတွေကို မသုံးစွဲဘဲ သူတို့ရဲ့ လက်ဖက်ခြံ ဂေဟစနစ်ထဲကရရှိနိုင်တဲ့ သွင်းအားစုတွေကိုပဲ အသုံးပြုပြီး စနစ်တကျ ဖြေရှင်းထားပါတယ်။
မြေပြန့်ချယ်ရီ
ပထမအဆင့်အနေနဲ့ နိုက်ထရိုဂျင် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် လက်ဖက်ခင်းတွေကြားမှာ မြေပြန့်ချယ်ရီ(မြေနိမ့်ချယ်ရီပင်) တွေကို ကြားညှပ်စိုက်ပျိုးထားပါတယ်။ လက်ဖက်ခင်းထဲမှာမြေနိမ့်ချယ်ရီ (Gliricidia) တွေကို ပင်ခြား ၁၀ ပေ၊ တန်းခြား ၁၀ ပေနှုန်းနဲ့ ရောနှော စိုက်ပျိုးတာ ဖြစ်ပါတယ်။
မြေပြန့်ချယ်ရီပင်တွေဟာ ပဲမျိုးရင်းဝင်အပင် (Legumes) တွေဖြစ်ပါတယ်။ ပဲမျိုးရင်းဝင်အပင်တွေရဲ့ ထုံးစံအတိုင်း မြေပြန့်ချယ်ရီဟာလည်းလေထဲမှာ ရှိနေတဲ့ နိုက်ထရိုဂျင်တွေကို ဖမ်းယူပြီး မြေဆီလွှာထဲ ထည့်သွင်းပေးနိုင်ပါတယ်။ ဒါကြောင့် မြေပြန့်ချယ်ရီပင်ကို လက်ဖက်ခင်းတွေကြားထဲ ထည့်သွင်း စိုက်ပျိုးပေးလိုက်ရုံမျှနဲ့ မြေဆီလွှာထဲ ထည့်သွင်းရမယ့် နိုက်ထရိုဂျင် ပမာဏကို လျှော့ချသွားနိုင်မှာ ဖြစ်ပါတယ်။
မြေပြန့်ချယ်ရီပင်ဟာ အရိပ်အနည်းငယ်ပေးနိုင်ပေမယ့် လက်ဖက်ပင်တွေ နေရောင်ခြည် မလုံလောက် နိုင်လောက်တော့အောင်လည်း အရိပ်မထိုးပါဘူး။ ဒါကြောင့် နေရောင်ခြည်ကောင်းကောင်းရပြီး၊ အရိပ်အနည်းငယ်သာ လိုအပ်တဲ့ လက်ဖက်ပင်တွေနဲ့တော့ အံဝင်ခွင်ကျပါပဲ။ မြေပြန့်ချယ်ရီ တစ်မျိုးတည်း ရောနှောစိုက်ပျိုး လိုက်ရုံမျှနဲ့ အကျိုးရလဒ် ၂ ခုကို တစ်ပြိုင်နက်တည်း ရရှိတဲ့ သဘောပါ။
မြေပြန့်ချယ်ရီပင်ရဲ့ အရွက်တွေဟာ နိုက်ထရိုဂျင်ကြွယ်ဝသလို၊ အခြားသော အာဟာရတွေလည်းပါဝင်တာမို့ အပင်ကိုအကြီးမခံဘဲ ကိုင်းချိုင်ပေးပြီး သစ်စိမ်းမြေဩဇာ (Green manure) အဖြစ်လည်း မြေဆီလွှာထဲကို ပြန်လည်ဖြည့်သွင်းပေးပါသေးတယ်။ ဒါကြောင့် မြေဆီလွှာအတွက် အာဟာရဓာတ်တွေ ရရှိတဲ့အပြင် မြေဆီလွှာရဲ့ ဖွဲ့စည်းပုံကိုပါ ပြုပြင်ပေးနိုင်ပါတယ်။

မွေးမြူရေးနှင့် တွဲဖက်ခြင်း
Kaley ဟာ နိုက်ထရိုဂျင် သွင်းအားစုကို ပြင်ပက လုံးဝဖြည့်သွင်းခြင်း မရှိရအောင် နောက်ထပ်နည်း လမ်းတစ်ခုကို အသုံးပြုပါသေးတယ်။ အဲဒါကတော့ မွေးမြူရေးနဲ့ တွဲဖက်ဆောင်ရွက်ခြင်းပါ။ Kaley မှာ ဂျာစီ နွားမကြီး ၁၀ ကောင် (နွားပေါက်လေးတွေအပါအဝင် ၁၄ ကောင်) မွေးမြူထားပါတယ်။ နို့ထုတ်လုပ်ဖို့မဟုတ်ဘဲ နွားချေးရရှိဖို့ပဲ ရည်ရွယ်မွေးမြူတာပါ။
နွားစာကတော့ အထူးတလည်မဟုတ်ပါဘူး။ မြေနိမ့်ချယ်ရီအရွက်တွေကို အဓိကအစာအဖြစ် အားထားပြီး မွေးမြူထားတာပါ။ အစာနု လုံးဝ ကျွေးမွေးခြင်း မရှိပါဘူး။ လက်ဖက်ခြံထဲက မြက်အနည်းငယ် ရောနှောကျွေးမွေးပါတယ်။
နွားခြံကနေ တစ်ရက်ကို နွားချေးအရည် ၅၀၀ လီတာလောက် ရရှိပါတယ်။ အဲဒီ နွားချေးအရည်ကို ရေ ၁၅၀၀ လီတာနဲ့ ရောစပ်ပါတယ်။ ဒါကြောင့် လီတာ ၂၀၀၀ ရရှိလာပါတယ်။ အဲဒီလီတာ ၂၀၀၀ ဖျော်ရည်ကို အကျိုးပြုအဏုဇီဝပိုးမွှားဖျော်ရည် (Effective Microorganisms – EM) နဲ့ ရောပြီး ၄ ရက် နှပ်ထားပေးပါတယ်။ အဲဒီနောက်မှာ လက်ဖက် တစ်ဧကကို ၂၀၀၀ လီတာနှုန်းနဲ့ တစ်လတစ်ကြိမ် မြေသြဇာ ဖြည့်သွင်းပေးပါတယ်။ Kaley မှာ လက်ဖက်စိုက်ဧက ၃၀ ရှိပြီး တစ်လမှာ ရက် ၃၀ ရှိတာမို့ ဧက ၃၀ ခြံအတွက် တစ်ရက်ကို တစ်ဧက နှုန်းနဲ့ နွားချေးမြေဩဇာရည် ထည့်သွင်းသွားနိုင်အောင် စီမံထားတာဖြစ်ပါတယ်။

သင်ခန်းစာ
Analog Forestry ရဲ့ အခြေခံသဘောတရားတွေထဲက အင်မတန်အရေးကြီးတဲ့ ပြင်ပက သွင်းအားစုတွေကို လျှော့ချသုံးစွဲရေးဆိုတာဟာ လက်တွေ့လုပ်ဆောင်နိုင်တဲ့ သဘောတရားတစ်ခုဖြစ်ကြောင်း Kaley က လက်တွေ့သက်သေပြနေပါတယ်။ Kaley ဟာ ပြင်ပက ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ ဘာတစ်ခုမျှ ဝယ်ယူသုံးစွဲခြင်း မရှိပါဘူး။ ဒီအချက်က စီးပွားရေးအရ တွက်ချေကိုက်လွန်းလှသလို သဘာဝဝန်းကျင်အတွက်ပါ ကြီးကြီးမားမား အထောက်အကူပြုပါတယ်။
Kaley ဟာ အရေးကြီးတဲ့ ပြင်ပကသွင်းအားစုတွေကို လျှော့ချသုံးစွဲရေးဆိုတဲ့ သဘောတရားကို အခြေခံပြီး သူ့အခြေအနေနဲ့ ကိုက်ညီတဲ့ ဒီဇိုင်းကို သူကိုယ်တိုင် ရေးဆွဲထားတာ တွေ့ရမှာပါ။ မြန်မာ့စိုက်ပျိုးမွေးမြူသူများအနေနဲ့လည်း ပြင်ပက သွင်းအားစုတွေကို လျှော့ချသုံးစွဲနိုင်ရေးဆိုတဲ့ သဘောတရားကို အခြေခံပြီး မိမိတို့နဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေကို ရှာဖွေကြံဆနိုင်ကြကာ စီးပွားရေးအကျိုးအမြတ်၊ ဂေဟဗေဒအကျိုးအမြတ်တွေ ရရှိနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက်မျှဝေသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Chan Ko Nyein
2 years agoကြိုက်တယ်ဗျ
ဦးစောမင်းအောင်
2 years agoဒီဆောင်းပါးကတဆင့် သီရိလင်္ကာနိုင်ငံမှ ကာလေလက်ဖက်သစ်တောစိုက်ခင်းအကြောင်း အနှစ်သာရမြင့်မြင့်မားမား လေ့လာသိရှိခွင့်ရလိုက်ပါတယ်။ အချက်အလက်တွေကလည်း နားလည်မှတ်သားရလွယ်လို့ လက်တွေ့အတုယူလုပ်ကိုင်နိုင်ဖို့ အများကြီး အကူအညီရပါတယ်။ ၂၀၁၅ ခုနှစ်မှာ ခြံကို ပိုင်ရှင်အသစ်က စဝယ်ယူပြီး Analog Forestry အဖြစ်ပြောင်းလဲလုပ်ဆောင်ခဲ့တာဆိုတော့ ကာလေလက်ဖက်ဉယျာဉ်ခြံနဲ့ ခေတ်ပြိုင်လောက်ဖြစ်တဲ့ မြန်မာနိုင်ငံ နေပြည်တော်နယ်မြေမှာ နာမည်ကျော်ပြည်တွင်းလုပ်ငန်းရှင်ကြီးတဦီးရဲ့ ဧက ၅၀ ဩဂဲနစ်စိုက်ခင်းနဲ့ ခုမှ နှိုင်းယှဉ်သုံးသပ်စရာ ရပါတော့တယ်။ အဲ့ဒီ နေပြည်တော်ဧက ၅၀ ဩဂဲနစ်စိုက်ခင်းခြံက တနှစ်ကို သိန်း ထောင်ချီကုန်တဲ့ထိ ရင်းနှီးမြှုပ်နှံမှုပြုနေပေမယ့် ကျေနပ်လောက်ဖွယ် အောင်မြင်မှုနဲ့ စီးပွားရေးအရရော ဂေဟစနစ်အရပါ အကျိုးအမြတ်မရတာကို လေ့လာတွေ့ရှိခဲ့ဖူးပါတယ်။ သီရိလင်္ကာမှ ကာလေလက်ဖက်သစ်တောဉယျာဉ်နဲ့ နေပြည်တော်မှဩဂဲနစ်ခြံ ဧက ၅၀ ချင်းတူပေမယ့် ကာလေခြံရဲ့ အဓိကအားသာချက် ၂ ရပ်ကတော့ ၁။ ပြင်ပစွမ်းအင်သွင်းအားစုတွေကို အတတ်နိုင်ဆုံးလျှော့ချသုံးစွဲတဲ့ Analog Forestry နည်းစနစ်အသုံးပြုခြင်း ၂။ ဧက ၅၀ အနက် စီးပွားဖြစ်ထုတ်လုပ်မှုကို ဧက ၃၀ မှာသာ အကွက်ငယ်များထပ်စိတ်ပြီး ထိရောက်မှန်ကန်တဲ့ ခြံစီမံခန့်ခွဲပြုစုထိန်းသိမ်းမှု Estate Farm Management ကို ကျင့်သုံးခြင်း လို့ပဲ သုံးသပ်မိပါတယ်။ ဈေးကွက်တောင်းဆိုမှုကို အမိအရရောင်းချနိုင်ရေး ကြိုးစားအားထုတ်မှု Marketing အရည်အချင်းတူညီရင်တောင် သွင်းအားစုထည့်သွင်းသုံးစွဲပုံ နဲ့ အရင်းအမြစ်နဲ့ စိုက်ခင်းခြံစီမံခန့်ခွဲမှုတွေ ကွာခြားသွားတာနဲ့အမျှ ရေတိုစီးပွားအကျိုးအမြတ်နဲ့ ရေရှည်တည်တံ့အောင်မြင်နိုင်မှု က မတူကွဲပြားသွားကြောင်း သင်ခန်းစာခိုင်ခိုင်မာမာရရှိလိုက်ပါတယ်။ စာရေးသူ ဆရာခိုင်ကြည်သစ် နဲ့ ဆောင်းပါးတင်ဆက်ပေးတဲ့ Greenway တို့အား အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ 💖💖💖🙏🙏🙏
Related articles
Analog Forestry ၏ စီးပွားရေးအကျိုးအမြတ်များ
Analog Forestry နဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖန်တီးမှု (သီရိလင်္ကာနိုင်ငံ AMBA Estate ၏ လက်တွေ့ဆောင်ရွက်ချက်)
သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်းအကြောင်း မျှဝေဆွေးနွေးပွဲ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Khaing Kyi Thit
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....