Green Way
Analog Forestry အတွက် အပင်အမျိုးအစားများ ခွဲခြားခြင်း

Analog Forestry အတွက် အပင်အမျိုးအစားများ ခွဲခြားခြင်း

Analog forestry ကို တည်ထောင်နိုင်ဖို့ လက်ရှိအခြေအနေကို ကြိုတင်သိရှိဖို့ လိုအပ်ပြီး အဲဒီလို သိရှိနိုင်ဖို့ Analog Forestry တည်ထောင်မယ့် နေရာရဲ့ အခြေအနေနဲ့၊ အဲဒီနေရာနဲ့ အနီးဆုံးမှာ ရှိနေတဲ့ သဘာဝတောအုပ်ရဲ့ အခြေအနေတွေကို ဖစ်ဇီယိုဂ်နိုးမစ်ဖော်မြူလာနဲ့ တွက်ချက်ယူရမှာ ဖြစ်ပါတယ်။ ဖစ်ဇီယိုဂ်နိုးမစ်ဖော်မြူလာကို အသုံးပြုနိုင်ဖို့ မိမိတို့လေ့လာမယ့်နေရာမှာ ပေါက်ရောက်ရှင်သန်နေတဲ့ အပင်အမျိုးအစားတွေ (Growth Categories) ကို အက္ခရာတွေအဖြစ်ပြောင်းလဲပြီး ဖော်မြူလာထဲကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ အဲဒီအပင်အမျိုးအစားတွေအကြောင်း နည်းနည်းရှင်းလင်းခွင့်ပြုပါ။  

အခြေခံအပင်အမျိုးအစားများ (Basic growth forms)

ဖစ်ဇီယိုဂ်နိုးမစ်ဖော်မြူလာထဲကို ထည့်သွင်းတွက်ချက်မယ့် အခြေခံအပင်အမျိုးအစားတွေကို မလေ့လာခင်မှာ အရွက်တွေရဲ့ သဘာဝပေါ်မူတည်ပြီး အပင်အမျိုးအစား ခွဲခြားပုံလေးကို လေ့လာကြည့်သင့်ပါတယ်။

အမြဲစိမ်းနှင့် ရွက်ပြတ် (Evergreen vs Deciduous) 

အပင်ပေါ်က အရွက်တွေအားလုံးညှိုးခြောက်ကြွေကျပြီး အရိုးပဲကျန်တဲ့အခြေအနေမျိုး မဖြစ်ပေါ်ဘဲ တစ်နှစ်ပတ်လုံးနီးပါး အရွက်မပြတ် စိမ်းစိုနေနိုင်တဲ့ အပင်မျိုးကို အမြဲစိမ်းပင် (Evergreen plants) လို့ခေါ်ပါတယ်။ အမြဲစိမ်းအပင်တွေမှာ အရွက်တွေဟာ တဖြည်းဖြည်းချင်း ရင့်ရော်ကြွေကျပြီး အရွက်သစ်နဲ့ အစားထိုးပေမယ့် အရွက်အားလုံး တပြိုင်တည်းမဖြစ်ဘဲ အရွက်နည်းနည်းချင်းစီ ဖြစ်ပေါ်လေ့ရှိပါတယ်။ 

ရာသီအလိုက် အပင်ပေါ်က အရွက်တွေကို တပြိုင်နက်တည်း ရင့်ရော်ခြွေချပြီး ရွက်နုလေးတွေလည်း တပြိုင်နက်တည်း ပြန်ထိုးတတ်တဲ့ အပင်မျိုးကိုတော့ ရွက်ပြတ်ပင် (Deciduous) ပင်တွေလို့ ခေါ်ပါတယ်။ 

ရွက်ပြန့် နဲ့ ရွက်ချွန် (Broadleaf vs Needle)

အရွက်တွေ ဘယ်လိုပုံစံရှိသလဲ ဆိုတဲ့အပေါ် မူတည်ပြီး အပင်တွေကို အမျိုးအစားခွဲခြားတဲ့ နည်းလမ်းတစ်ခုလည်း ရှိပါသေးတယ်။ ပထမတစ်ခုက broadleaf လို့ခေါ်တဲ့ ရွက်ပြန့်တွေဖြစ်ပြီး၊ ဒုတိယတစ်ခုကတော့ needle leaf လို့ခေါ်တဲ့ ရွက်ချွန်တွေပါ။ ဥပမာအားဖြင့် သရက်ပင်ရဲ့ အရွက်တွေဟာ ရွက်ပြန့်ဖြစ်ပြီး၊ ထင်းရှူးပင်ရဲ့ အရွက်တွေကတော့ ရွက်ချွန် ဖြစ်ပါတယ်။ 

ရွက်ပြန့်တွေကို နှစ်မျိုးခွဲလို့ ရပါသေးတယ်။ ရွက်ညှာကနေ ရွက်ပြန့်တစ်ရွက်တည်း ထွက်လာတဲ့ အရွက်မျိုး (ဥပမာ သရက်) ကို simple leaf လို့ ခေါ်ပါတယ်။ ရွက်ညှာတစ်ခုတည်းရှိပေမယ့် အရွက်တွေ တစ်ခုထက် ပိုပြီး ခွဲဖြာသွားတဲ့ အရွက်မျိုး (ဥပမာ တမာ၊ နှင်းဆီ) ကို compound leaf လို့ ခေါ်ပါတယ်။ 

ရွက်မဲ့ပင် (Aphyllies) 

အပင်မှာ အရွက်လုံးဝမရှိတဲ့ အပင်တွေကိုတော့ ရွက်မဲ့ပင် (aphyllies) လို့ သတ်မှတ်ပါတယ်။ အထူးသဖြင့် ခြောက်သွေ့တောတွေမှာ ပေါက်ရောက်တဲ့ မျိုးစိတ်တွေ၊ နွေအခါမှာ အရွက်တွေလုံးဝမရှိတော့ဘဲ ခြောက်သွေ့သွားတတ်တဲ့ မျိုးစိတ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ အရွက်မရှိတော့ပေမယ့် အလင်းမှီအစာချက်ခြင်းကို ပင်စည်နဲ့ ကိုင်းတွေကနေ ဆက်လက်လုပ်ဆောင်ပြီး ရှင်သန်နေကြတာ ဖြစ်ပါတယ်။ 

ဖစ်ဇီယိုဂ်နိုးမစ်ဖော်မြူလာအတွက် အခြေခံအပင်အမျိုးအစားများ သတ်မှတ်ပုံ

အထက်မှာတင်ပြခဲ့တဲ့ အရွက်ပေါ်မူတည်ပြီး အပင်အမျိုးအစားခွဲခြားပုံကို အခြေခံပြီး ဖစ်ဇီယိုဂ်နိုးမစ်ဖော်မြူလာအတွက် အခြေခံအပင်အမျိုးအစားတွေကို သတ်မှတ်ပါတယ်။ 

V: အမြဲစိမ်း ရွက်ပြန့်ပင် (Evergreen – Simple/Compound Leaves)

E: အမြဲစိမ်း ရွက်ချွန်ပင် (Needle Evergreen)

D: ရွက်ပြတ် ရွက်ပြန့်ပင် (Deciduous – Simple/Compound Leaves)

N: ရွက်ပြတ် ရွက်ချွန်ပင် (Needle Deciduous)

O: ရွက်မဲ့ပင် (Aphyllies) 

အခြားအပင်များ (Other forms) 

အထက်မှာတင်ပြခဲ့တဲ့ အခြေခံအပင်အမျိုးအစာတွေကနေ ကင်းလွတ်ပြီး ကျန်ရှိနေတဲ့ အပင်တွေကိုတော့ အခြားအပင်များ (Other forms) လို့ ခွဲခြားသတ်မှတ်နိုင်ပါတယ်။ 

Palm P

ပင်စည်တစ်ခုတည်း ဖြောင့်ဖြောင့်ကြီး ထောင်တက်သွားပြီး ကိုင်းတွေမရှိဘဲ အပင်ထိပ်ဖျားမှာ အရွက်တွေဟာ အလက်တွေအဖြစ်နဲ့ ဖျာထွက်လာတဲ့ အပင်မျိုးတွေ ဖြစ်ပါတယ်။ ဥပမာ - ကွမ်းသီးပင်၊ ထန်းပင်။

Rhysomatous plants R

ပင်စည်ဟာ မြေဆီလွှာထဲမှာ ကန့်လန့်ဖြတ်တည်ရှိနေပြီး အမြစ်ရော အညွန့်ကိုပါ ထုတ်လုပ်ပေးတဲ့ အပင်အမျိုးအစားတွေ ဖြစ်ပါတယ်။ ဥပမာ - ချင်း (ဂျင်း)။

Succulents (cactus) S

ပင်စည် ဒါမှမဟုတ် ထူထဲတဲ့ အရွက်ထွေထဲမှာ အရည်တွေ အမြောက်အများ သိုလှောင်ထားနိုင်တဲ့ အပင်တွေဖြစ်ပါတယ်။ အရည်ရွှမ်းပင်လို့လည်း ခေါ်ကြပါတယ်။ ဥပမာ - ကန္တာရဆူးပင်။

Bamboo B

ဒီအုပ်စုမှာ ဝါးပင်အမျိုးအစားတွေ အားလုံးပါဝင်ပါတယ်။ 

Rosette plants K

ပင်စည်ရယ်လို မရှိဘဲ အရွက်တွေဟာ မြေပြင်ကနေ အုံလိုက် ဖြာထွက်လာကြတဲ့ အပင်မျိုး ဖြစ်ပါတယ်။ အများစုက အပင်နိမ့်တွေပါ။ ဥပမာ - မီးကွင်း ဂမုန်း။

Ferns F

အပွင့်၊ အသီး၊ အစေ့တွေကနေတဆင့် မျိုးပွားတာမျိုးမရှိဘဲ စပိုး(spore) နဲ့သာ မျိုးပွားယူကြတဲ့ အပင်တွေဖြစ်ပါတယ်။ အပူချိန် တသမတ်တည်း ရရှိတာကို ကြိုက်နှစ်သက်ကြပါတယ်။ စိုစွတ်မှုကိုကြိုက်လို့ ရေနဲ့နီးတဲ့နေရာမျိုးတွေမှာ အတွေ့ရများပါတယ်။ ဥပမာ - ဖန်းပင်။

Epiphytes X

အခြားအပင်ကြီးတွေပေါ်မှာ တက်ပြီးပေါက်ရောက်နေကြတဲ့ အပင်မျိုးတွေ ဖြစ်ပါတယ်။ ဥပမာ သစ်ခွ။

Vines and creepers C

မြေပြင်မှာပေါက်ပေမယ့် အခြားအပင်ကြီးတွေပေါ် နွယ်တက်ပြီး ရှင်သန်ကြတဲ့ နွယ်ပင်အမျိုးအစားတွေ ဖြစ်ပါတယ်။ Climbers တွေလို့လည်း ခေါ်ကြပါ တယ်။ ဥပမာ - ငရုပ်ကောင်း၊ ကွမ်းရွက်ပင်

Lichen and mosses L

ဂေဟစနစ်တိုင်းကို ထိုးဖောက်ဝင်ရောက် ရှင်သန်နေကြတဲ့ ရေညှိပင်တို့လို သက်ရှိမျိုးစိတ်တွေကို ဆိုလိုတာပါ။ 

Grasses G

မြက်နဲ့အတူ မြက်နဲ့ပုံသဏ္ဌာန်တူတဲ့ အပင်တွေလည်း ပါဝင်ပါတယ်။ ဥပမာ - ပြောင်း၊ စပါး၊ ဂျုံ။

Annual herbaceous plants A

ယေဘုယျအားဖြင့် မြက်နဲ့ဆင်တူတဲ့ ဆေးဖက်ဝင်အပင်တွေ ဖြစ်ပါတယ်။ ရာသီအလိုက် ပေါက်ရောက်ကြတဲ့ ဆေးဖက်ဝင်အပင်တွေကို ဆိုလိုတာပါ။ ဥပမာ - ပင်စိမ်းပင်။

Perennial herbaceous plants H

တစ်နှစ်ပတ်လုံး ပေါက်ရောက်ရှင်သန်နိုင်တဲ့ ဆေးဖက်ဝင်အပင်တွေ ဖြစ်ပါ တယ်။ ဥပမာ - ဒေစီပန်းပင်။

ကွင်းဆင်းလေ့လာခြင်း

Analog Forestry အတွက် ဒီဇိုင်းရေးဆွဲနိုင်ဖို့ လက်ရှိအခြေအနေ (baseline) ကို ကောက်ယူရာမှာ တွေ့ရှိတဲ့ အပင်တွေကို အထက်မှာခွဲခြားထားတဲ့ နည်းလမ်းအတိုင်း အုပ်စု (categories) တွေခွဲခြားပြီး ယှဉ်တွဲဖော်ပြထားတဲ့ အက္ခရာ (symbol) တွေနဲ့အညီ မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ 

တစ်ခုသတိထားရမှာကတော့ အဲဒီလို ကွင်းဆင်းလေ့လာပြီး မှတ်တမ်းတင်ရာမှာ ဒေသခံတွေရဲ့ အကူအညီကို မဖြစ်မနေ ရယူဖို့ လိုအပ်ပါတယ်။ တချို့ အပင်တွေကို ကိုယ်က မမြင်ဖူးတာမျိုး၊ သဘာဝကို မသိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒေသခံတွေရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတကို ရယူအသုံးချနိုင်ဖို့ လိုအပ်ပါတယ်။ 

ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက် မျှဝေသွားပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You

Related articles

Inclusive Systems Myanmar

Content provider

Inclusive Systems Myanmar

ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က မျှဝေသွားပါမည်။

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....