ဂေဟစနစ်၏ အောင်သီးအောင်နှံ (ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှု လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်း - ၄)
သစ်တောပုံတူစိုက်ခင်း (Analog Forestry) တစ်ခု ထူထောင်နိုင်ဖို့အတွက် ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှုတွေ လုပ်ဆောင်ရာမှာ အဓိကစံပေတံ (indicator) ၄ ခုရှိတဲ့အနက် နောက်ဆုံးတစ်ခုကတော့ မိမိတို့လေ့လာတဲ့ ဂေဟစနစ်ရဲ့ ထုတ်လုပ်နိုင်စွမ်း (Productivity) ဖြစ်ပါတယ်။
ဂေဟစနစ်ရဲ့ထုတ်လုပ်နိုင်စွမ်းကို လေ့လာရာမှာ စီးပွားဖြစ်ထုတ်လုပ်နိုင်စွမ်း (Productivity – Economic) နဲ့ ဂေဟဗေဒဝန်ဆောင်မှု (Productivity – Ecological Functions) ဆိုတဲ့ အသေးစိတ်အချက် ၂ ချက် ကို တိုင်းတာရမှာ ဖြစ်ပါတယ်။
အခြားသော စံပေတံတွေမှာ လေ့လာခဲ့သလိုပဲ အသေးစိတ်အချက်နှစ်ချက်က တစ်ခုချင်းစီကို လေ့လာအကဲဖြတ်ပြီး ရမှတ် “၁” ကနေ “၆” အထိ ပေးရမှာပါ။ ပြီးရင်တော့ ပျမ်းမျှရမှတ်ကို ရှာဖွေဖော်ထုတ်ရပါမယ်။
စီးပွားဖြစ်ထုတ်လုပ်နိုင်စွမ်း (Productivity Economic)
သစ်တောပုံတူစိုက်ခင်း ထူထောင်တယ်ဆိုတာဟာ ယေဘုယျအားဖြင့် ဂေဟစနစ်ပျက်ယွင်းပြီး သီးနှံတစ်မျိုးတည်းကို တစ်အုပ်တစ်မ စိုက်ပျိုးရာကနေ ဇီဝမျိုးကွဲစုံလင်မှုကို ပြန်လည်ယူဆောင်ပေးပြီး ဂေဟစနစ်ကို ပြန်လည်အသက်ဝင်လာအောင် ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းဖြစ်ပါတယ်။ တပြိုင်နက်တည်းမှာ စီးပွားရေးအရ အကျိုးအမြတ်ဖြစ်ထွန်းဖို့လည်း လိုအပ်လှပါတယ်။ စီးပွားဖြစ်စိုက်ခင်းတွေကို ဖျက်သိမ်းပြီး သဘာဝသစ်တောအုပ်တွေ ပြန်လည်စိုက်ပျိုးဖို့ဆိုတာ လက်တွေ့မကျဘူး မဟုတ်ပါလား။ တစ်ဖက်ကလည်း စီးပွားဖြစ်သလို တစ်ဖက်ကလည်း ဂေဟစနစ်ကို ပြန်လည်အသက်ဝင်အောင်ဆောင်ရွက်ရမှာက Analog Forestry ရဲ့ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။
ဒါကြောင့် မိမိတို့ Analog Forestry ကို အကောင်အထည်ဖော်မယ့် စိုက်ခင်းဟာ စီးပွားဖြစ်ထုတ်လုပ်နိုင်စွမ်း ဘယ်လောက်ရှိနေသလဲ ဆိုတာကို လေ့လာဖို့ လိုအပ်ပါတယ်။ အဲဒီလေ့လာမှုတွေအပေါ်မူတည်ပြီး Analog Forestry အတွက် ဒီဇိုင်းရေးဆွဲရာမှာ မိမိတို့ မျှော်မှန်းတဲ့ စီးပွားရေးအကျိုးအမြတ်ရရှိအောင် ဘယ်လို လုပ်ဆောင်မယ်ဆိုတာကို ထည့်သွင်းစဉ်းစားရေးဆွဲရမှာ ဖြစ်ပါတယ်။
- တကယ်လို့ မိမိလေ့လာနေတဲ့ ဂေဟစနစ်၊ ဒါမှမဟုတ် စိုက်ခင်းဟာ စီးပွားရေးအတွက် ထုတ်လုပ်နိုင်တာမျိုး လုံးဝမရှိဘူးဆိုရင် စီးပွားဖြစ်ထုတ်လုပ်နိုင်စွမ်းအတွက် ရမှတ်ကို “၁” ကနေ “၂” အထိ ပေးနိုင်ပါတယ်။ ဆိုလိုတာက လေ့လာတဲ့ မြေအကျယ်အဝန်းကနေ ထုတ်လုပ်ရောင်းချနေတာ ဘာမှရှိမနေတာမျိုးပါ။
- တကယ်လို့ လေ့လာနေတဲ့ မြေအကျယ်အဝန်းကနေ မြေရှင်အတွက် ဝမ်းစာဖူလုံရုံ စိုက်ပျိုးသီးနှံတွေပဲဖြစ်ဖြစ် အခြားသော ထုတ်ကုန်တစ်ခုပဲဖြစ်ဖြစ် ထွက်ရှိနေတယ်၊ အဲဒီထက်ပိုပြီး တချို့တဝက်ကိုလည်း ရောင်းချနိုင်တယ်။ ဒါပေမယ့် မြေပိုင်ရှင် ရည်မှန်းထားတဲ့ စီးပွားရေးအကျိုးအမြတ်ကို အပြည့်အဝ ဖော်ဆောင်မပေးနိုင်သေးဘူးဆိုတဲ့ အခြေအနေမျိုးမှာ ရမှတ်ကို “၃” ကနေ “၄” အထိ ပေးနိုင်ပါတယ်။
- လေ့လာနေတဲ့ မြေအကျယ်အဝန်းကနေ မြေရှင်အတွက် ဝမ်းစာဖူလုံရုံမျှမက ဈေးကွက်တင်ရောင်းချနိုင်တဲ့ အနေအထားလည်း ရှိတယ်။ ရည်ရွယ်ထားတဲ့ စီးပွားရေးအကျိုးအမြတ်ကို ပြည့်မီအောင် ဖော်ဆောင်ပေးထားနိုင်တယ်ဆိုရင်တော့ ရမှတ်ကို “၅” ကနေ “၆” အထိ ပေးနိုင်မှာ ဖြစ်ပါတယ်။

ဂေဟဗေဒဝန်ဆောင်မှု (Productivity – Ecological Functions)
ဂေဟစနစ်ရဲ့ ထုတ်လုပ်နိုင်စွမ်းဆိုရာမှာ ငွေကြေးနဲ့တိုင်းတာနိုင်တဲ့ “စီးပွားဖြစ်ထုတ်လုပ်နိုင်စွမ်း” က အရေးကြီးသလို ဂေဟဗေဒဝန်ဆောင်မှု (Ecological Functions) တွေ ဘယ်လောက်ရှိသလဲဆိုတာကလည်း မပါမဖြစ် အရေးကြီးပါတယ်။ Analog Forestry ရဲ့ ရည်မှန်းချက်ကကို ဂေဟစနစ် ပြန်လည်အသက်ဝင်ကောင်းမွန်လာပြီး ဂေဟဗေဒဝန်ဆောင်မှုတွေ ရရှိနိုင်ဖို့ ဖြစ်နေလို့ပါ။
ဂေဟဗေဒဝန်ဆောင်မှုဆိုတာ “သက်ရှိမျိုးစိတ်တွေ၊ သက်မဲ့ပတ်ဝန်းကျင်တွေက သူတို့သက်ရှိမျိုးအချင်းချင်းကြားမှာပဲဖြစ်ဖြစ်၊ သက်မဲ့ပတ်ဝန်းကျင်အချင်းချင်းကြားမှာပဲဖြစ်ဖြစ်၊ သက်ရှိမျိုးစိတ်တွေနဲ့ သက်မဲ့ ပတ်ဝန်းကျင်ကြားမှာပဲဖြစ်ဖြစ်၊ အပြန်အလှန် ဖြည့်ဆည်းပေးနေကြတဲ့ လုပ်ငန်းစဉ်တွေ၊ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေ" ဖြစ်ပါတယ်။
ဥပမာ အပင်တွေက နေရောင်ခြည်ရဲ့စွမ်းအင်ကို အသုံးချပြီး အစာချက်လုပ်ကြတဲ့ အလင်းမှီအစာစုဖွဲ့ခြင်း (Photosynthesis) ဆိုတာ ပတ်ဝန်းကျင်နဲ့ သက်ရှိတွေကြားက ဂေဟဗေဒဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။ သက်ရှိဖြစ်တဲ့ အပင်မျိုးစိတ်တွေကို စားသောက်ပြီး အခြားသက်ရှိဖြစ်တဲ့ သတ္တဝါမျိုးစိတ်တွေ ရှင်သန်ကြရပါ တယ်။ သက်ရှိတွေက စွန့်ပစ်တဲ့ပစ္စည်းတွေက မြေဆီလွှာပြန်ဖြစ်ပြီး အပင်တွေအတွက် အာဟာရ ရရှိစေပြန်ပါတယ်။ ဒါဟာ သက်ရှိမျိုးစိတ်တွေအကြားက ဂေဟဗေဒဝန်ဆောင်မှုပါပဲ။ မြေမျက်နှာသွင်ပြင် အနိမ့် အမြင့်ဆိုတဲ့ ပတ်ဝန်းကျင်အခြေအနေဟာ မြစ်ချောင်းတွေရဲ့ ရေစီးကြောင်းတွေကိုဖြစ်ပေါ်စေတဲ့ ဂေဟဗေဒ ဝန်ဆောင်မှုဖြစ်သလို၊ မြစ်ကြောင်းတလျှောက်မှာ ကျောက်ဆောင်ကျောက်သားတွေဟာ ရေစီးကိုတားပြီး ညင်သာစေခြင်းဟာ မြစ်ရေတိုက်စားတာတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါဟာလည်း ပတ်ဝန်းကျင်အခြေအနေတစ်ခုနဲ့ တစ်ခုအကြားက ဂေဟဗေဒဝန်ဆောင်မှုအတွက် ဥပမာ တစ်ခု ဖြစ်ပါတယ်။
Analog Forestry အတွက် ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှုတွေဆောင်ရွက်ဖို့ မိမိတို့လေ့လာနေတဲ့ နေရာရဲ့ ဂေဟဗေဒဝန်ဆောင်မှုတွေကို သိပ္ပံနည်းကျ လေ့လာသုတေသနပြုထားတဲ့ အကိုးအကားတွေ ရရှိနိုင်ရင် အကောင်းဆုံးပါ။ ဒါပေမယ့် ဒါက အတော်မလွယ်ကူပါဘူး။ ဒီလိုအခြေအနေမှာ အဲဒီနေရာမှာရှိနေတဲ့ ဂေဟစနစ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ချင်းဟာ ဘယ်လိုလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်ဆိုတာကို သိရှိရဖို့ ကွင်းဆင်းလေ့လာမှုနဲ့အတူ အဲဒီပတ်ဝန်းကျင်မှာ နေထိုင်သူတွေကို အသေးစိတ်မေးမြန်းကြည့်တာမျိုးလည်း မဖြစ်မနေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
- မိမိတို့လေ့လာတဲ့နေရာမှာ ဂေဟဗေဒဝန်ဆောင်မှုတွေ အင်မတန်အားနည်းပြီး သိပ္ပံနည်းကျလေ့လာထားတာလည်း မရှိဘူး၊ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖမ်းယူသိမ်းဆည်းသိုလှောင်ပေးခြင်း (Carbon Sequestration) လို့ခေါ်တဲ့ လုပ်ငန်းကို ဆောင်ရွက်ပေးမယ့် သစ်ပင်တွေလည်း များများစားစား မရှိသေးဘူး၊ ဂေဟစနစ်ကို မပျက်ယွင်းစေတဲ့ သဘာဝခရီးသွားလုပ်ငန်းတွေလည်း မရှိသေးဘူး ဆိုရင် ရမှတ် “၁” ကနေ “၂” အထိ ပေးနိုင်ပါတယ်။
- တကယ်လို့ မိမိတို့လေ့လာတဲ့နေရာမှာ ဂေဟဗေဒဝန်ဆောင်မှု အချို့ရှိနေမယ်၊ တချို့ ဂေဟဗေဒဝန်ဆောင်မှုတွေကို စနစ်တစ်ခုအသွင်နဲ့ ထင်ထင်ရှားရှားတွေ့ရမယ်၊ သိပ္ပံနည်းကျလေ့လာမှုတွေလည်း လက်တွေ့ ဆောင်ရွက်နေမယ်၊ Carbon Sequestration လည်း ရှိနေမယ်ဆိုရင်တော့ ရမှတ် “၃” ကနေ “၄” အထိ ပေးနိုင် ပါတယ်။
- တကယ်လို့ ဂေဟဗေဒဝန်ဆောင်မှုတွေဟာ ခိုင်မာအားကောင်းပြီး တည်တည်ငြိမ်ငြိမ်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်နေတယ်၊ သိပ္ပံနည်းကျ လေ့လာမှုတွေလည်း ပြည့်ပြည့်စုံစုံ ရှိလာနေတယ်၊ Carbon Sequestration အပါအဝင် ဂေဟစနစ်ကို အကျိုးဖြစ်ထွန်းစေတဲ့ လုပ်ငန်းတွေ ရှိနေမယ် ဆိုရင်တော့ ရမှတ် “၅” ကနေ “၆” အထိ ပေးနိုင်မှာ ဖြစ်ပါတယ်။
တွက်ချက်ပုံ
ထုတ်လုပ်နိုင်စွမ်း (Productivity) ရဲ့ ပျမ်းမျှရမှတ်ကို တွက်ချက်ဖို့အတွက် “စီးပွားဖြစ် ထုတ်လုပ်နိုင်စွမ်း (Productivity – Economic) ရဲ့ ရမှတ်” နဲ့ “ဂေဟဗေဒဝန်ဆောင်မှု (Productivity – Ecological Functions) ရဲ့ ရမှတ်” တို့ကို ပေါင်းပြီး ၂ နဲ့ စားရမှာ ဖြစ်ပါတယ်။ ရလာတဲ့ အဖြေဟာ သက်ဆိုင်ရာဂေဟစနစ်ရဲ့ ထုတ်လုပ်နိုင်စွမ်းအတွက် ရမှတ်ပဲ ဖြစ်ပါတယ်။
ဂေဟစနစ်၏ ကြွယ်ဝမှု
ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှုတွေ ဆောင်ရွက်ရာမှာ စစ်ဆေးရတဲ့ စံပေတံ (indicator) တွေကို လေ့လာကြည့်ရင် (၁) မြေ (Soil) ဆိုတဲ့ အခြေခံအုတ်မြစ်၊ (၂) အဲဒီအခြေခံအုတ်မြစ်ပေါ်မှာ တည်ရှိနေတဲ့ အဆောက်အအုံကြီးဖြစ်တဲ့ အပင်များပေါက်ရောက်ရှင်သန်ပုံ (Structure)၊ (၃) အဲဒီအဆောက်အအုံကြီးထဲမှာ ရှင်သန်နေထိုင်နေကြတဲ့ မိသားစုဝင်တွေဖြစ်တဲ့ ဇီဝမျိုးကွဲစုံလင်မှု (Biodiversity) နဲ့ (၄) အဆောက်အအုံကြီး နဲ့ မိသားစုဝင်တွေအကြား အချင်းချင်းအပြန်အလှန် မှီခိုအကျိုးပြုရင်း ထွက်ပေါ်လာတဲ့ ချမ်းသာကြွယ်ဝမှု ဆိုတဲ့ ထုတ်လုပ်နိုင်စွမ်း (Productivity) တွေကို စစ်ဆေးအကဲဖြတ်တာ ဖြစ်ကြောင်း သတိပြုမိနိုင်ပါတယ်။
နောက်တနည်းမြင်ကြည့်နိုင်တာကတော့ ထုတ်လုပ်နိုင်စွမ်းဆိုတာ ဂေဟစနစ်ကြီး ပြည့်စုံကောင်းမွန်လာခြင်းရဲ့ အောင်သီးအောင်နှံပဲ ဖြစ်ပါတယ်။ မြေကောင်းအောင်၊ ဂေဟစနစ်ထဲက အပင်တွေရဲ့ ပေါက်ရောက်ရှင်သန်ပုံ ကောင်းအောင်၊ ဇီဝမျိုးကွဲစုံလင်အောင် ကြိုးပမ်းဆောင်ရွက်မှုတွေရဲ့ အကျိုးရလဒ်ပဲ ဖြစ်ပါတယ်။ အဲဒီအောင်သီးအောင်နှံတွေကို ဂေဟစနစ်ကြီးရဲ့ အစိတ်အပိုင်းတွေကသာမက လူသားတွေကပါ ခံစားကြရမှာ ဖြစ်ပါတယ်။
ရမှတ်တွေ အချိုးညီမြင့်မားလာစေဖို့
စံပေတံ ၄ ခု ဟာ အချိုးညီညီနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါတယ်။ စံပေတံ တစ်ခုချင်းစီဟာ ရမှတ် “၁” ကနေ “၆” အထိ ရှိနိုင်ပြီး ရမှတ်တွေဟာ မြင့်မားလေကောင်းလေဖြစ်ပါတယ်။ Analog Forestry ကို ဖော်ဆောင်ရာမှာ အဲဒီ စံပေတံ ၄ ခု၊ အသေးစိတ်အချက် ၉ ချက်စလုံးမှာ ရမှတ် ၆ တွေ ဖြစ်လာအောင် ပြုပြင်ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။
မြန်မာ့စိုက်ပျိုးရေးကဏ္ဍက စိုက်ခင်းတွေကနေ စိုက်ပျိုးသူတွေအတွက် သီးနှံတိုးတက်ထုတ်လုပ်ရေးသာမက ဂေဟစနစ်ထိန်းသိမ်းရေးကိုပါ တွဲဖက်ဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေးအရ ထုတ်လုပ်နိုင်စွမ်းနဲ့ ဂေဟဗေဒဝန်ဆောင်မှုတွေပါ အပြည့်အဝခံစားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက် မျှဝေသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Related articles
Analog Forestry ၏ စီးပွားရေးအကျိုးအမြတ်များ
Analog Forestry နဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖန်တီးမှု (သီရိလင်္ကာနိုင်ငံ AMBA Estate ၏ လက်တွေ့ဆောင်ရွက်ချက်)
သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်းအကြောင်း မျှဝေဆွေးနွေးပွဲ
Content provider
Inclusive Systems Myanmar
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က မျှဝေသွားပါမည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Khaing Kyi Thit
See all