မြေယာကို အကျိုးအရှိဆုံးအသုံးချမည့် Analog Forestry
သီးနှံတစ်မျိုးတည်း တစ်အုပ်တစ်မ စိုက်ပျိုးတဲ့ အစဉ်အလာစိုက်ပျိုးရေး (Monoculture) ကနေ သီးနှံစုံ ရောနှောပေါက်ရောက်နေပြီး သဘာဝသစ်တောကြီးတွေနဲ့ ပုံသဏ္ဌာန်ပိုင်းရော စွမ်းဆောင်ရည်ပိုင်းပါ ဆင်တူတဲ့ သစ်တောပုံတူစိုက်ခင်း (Analog Forestry) တွေအဖြစ် ပြောင်းလဲထူထောင်တဲ့အခါ ရေရှည်မှာ မူလက တစ်မျိုးတည်းစိုက်ပျိုးထားတဲ့ သီးနှံရဲ့အထွက်နှုန်း အနည်းငယ် လျော့ကျသွားနိုင်ပါတယ်။
“ဒီအခြေအနေဟာ စိုက်ပျိုးသူတွေအတွက် အဆင်ပြေနိုင်ပါရဲ့လား။”
ဒီမေးခွန်းဟာ Analog Forestry အကြောင်း စပြီးမြည်းစမ်းမိခါစ စိုက်ပျိုးရေးသမားတွေ စိုးရိမ်တကြီး မေးကြတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ တချိန်တည်းမှာ ဒီမေးခွန်းဟာ Analog Forestry ကို စိုက်ပျိုးသူတွေ စိတ်ဝင်တစား ဆက်လေ့လာကြပြီး လက်တွေ့အကောင်အထည်ဖော်ဖြစ်လာကြစေဖို့ မဖြစ်မနေ ဖြေဆိုပေးရမယ့် သော့ချက်မေးခွန်းတစ်ခုလည်း ဖြစ်ပါတယ်။
သစ်တောပုံတူစိုက်ခင်း ထူထောင်တဲ့အတွက် မူလကတစ်မျိုးတည်းစိုက်နေတဲ့ သီးနှံရဲ့ အထွက်နှုန်း အနည်းငယ် လျော့သွားမှာတော့ မှန်ပါတယ်။ ဒါပေမယ့် Analog Forestry ဆိုတာ သဘာဝသစ်တောနဲ့ ပုံ သဏ္ဌာန်လုပ်ငန်းတူညီတဲ့ စိုက်ခင်းကို တည်ထောင်တဲ့ စိုက်ပျိုးရေး နည်းလမ်းတစ်ရပ်ဖြစ်ပြီး မြေယာကို ပိုပြီးအကျိုးရှိအောင် စီမံခန့်ခွဲသုံးစွဲတဲ့ စနစ်လည်း ဖြစ်ပါတယ်။ မိမိတို့ တည်ထောင်တဲ့ Analog Forestry ရဲ့ ဒီဇိုင်းကောင်းမွန်တာနဲ့အမျှ မြေယာကို ပိုပြီး ထိထိရောက်ရောက် အသုံးပြုလာနိုင်စေသလို သီးနှံအထွက်နှုန်း လျော့ကျမှုက နည်းပါးလာမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာက သီးနှံမျိုးစိတ်သစ်တွေ ထပ်ဖြည့်ပြီး စိုက်ပျိုးမှာ ဖြစ်တာကြောင့် အဲဒီသီးနှံတွေကနေ ဝင်ငွေတွေ ပြန်ပြီး ရရှိလာမှာဖြစ်ပါတယ်။
ဒီအခြေအနေကို မြင်သာစေဖို့ သီရိလင်္ကာနိုင်ငံက Analog Forestry ကို အကောင်အထည်ဖော်နေတဲ့ လက်ဖက်ခြံအချို့က ဆောင်ရွက်နေတဲ့ မြေယာအသုံးချမှု နမူနာပုံစံတချို့ကို ထုတ်နှုတ်တင်ပြလိုပါတယ်။
အပင်မျိုးစိတ်အသစ်များ ထည့်သွင်းစိုက်ပျိုးသော်လည်း လက်ဖက်ပင်အရေအတွက် မလျော့သည့်နည်းလမ်း
သီရိလင်္ကာနိုင်ငံက လက်ဖက်စိုက်ခင်းတွေမှာ Analog Forestry စတင်ချိန်မှာ လက်ဖက်ခင်းတွေထဲကို မြေနိမ့်ချယ်ရီပင်တွေကို ပင်ကြား ၁၀ ပေ၊ တန်းကြား ၁၀နှုန်းနဲ့ စတင်ထည့်သွင်းစိုက်ပျိုးကြပါတယ်။ (ဒီအကြောင်းအသေးစိတ်ကို ယခင်ဆောင်းပါးမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။) ဒါပေမယ့် အဲဒီလိုစိုက်ပျိုးလိုက်လို့ လက်ဖက်ပင်အရေအတွက် လျော့ကျမသွားပါဘူး။ ဒါကြောင့် လက်ဖက်ရွက် အထွက်နှုန်းကလည်း လျော့ကျ မသွားပါဘူး။ အဲဒီအစား မြေနိမ့်ချယ်ရီပင်တွေက လေထဲက နိုက်ထရိုဂျင်ကို မြေဆီလွှာထဲပို့ပေးတဲ့အတွက် မြေဩဇာဖိုး ကုန်ကျစရိတ်တောင် သက်သာသွားစေပါတယ်။
နောက်တစ်နည်း တွေ့ရတာကတော့ လက်ဖက်ခင်းတွေရဲ့ ပတ်ချာလည် ခြံစည်းရိုးမှာ အခြားအပင်မျိုး စိတ်တွေကို ထည့်သွင်းစိုက်ပျိုးတဲ့ နည်းလမ်းပါ။ Kaley လက်ဖက်ခြံရဲ့ လက်ဖက်စိုက်ခင်းအချို့ကို ပိန္နဲ၊ စောင်းလျား၊ မာလကာအစရှိတဲ့ သီးပင်တွေ စိုက်ပျိုးထားပါတယ်။ ခြံစည်းရိုးအဖြစ် အသုံးဝင်သလို လေကာပင်အဖြစ်လည်း အသုံးဝင်ပါတယ်။ တချိန်တည်းမှာ အဲဒီအပင်တွေက အသီးတွေကိုလည်း ခူးဆွတ်ရောင်းချနိုင်ပါတယ်။ အချို့အပင်တွေကို သစ်၊ ထင်းအဖြစ်နဲ့ အသုံးချနိုင်ပါတယ်။ အဲဒီအပင်တွေ ထည့်ပြီး စိုက်ထားလိုက်လို့ လက်ဖက်ပင်အရေအတွက် လျော့မသွားသလို လက်ဖက်ရွက်အထွက်နှုန်းလည်း လျော့သွားစရာ မရှိပါဘူး။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ သီးပင်၊ စားပင် အပင်ကြီးတွေရဲ့ အောက်ခြေမှာ နွယ်ပင်တစ်မျိုးဖြစ်တဲ့ ငရုတ်ကောင်းပင်တွေကို စိုက်ပျိုးထားကြတာကို မျက်ဝါးထင်ထင်တွေ့ရှိခဲ့ရပါတယ်။ ဒါကလည်း လက်ဖက်ကို ဘာမှမထိခိုက်ဘဲ ဝင်ငွေတိုးစေနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။



ရေရှည်တွင် လျော့ကျသွားမည့် သီးနှံအတွက် အခြားသီးနှံဖြင့် အစားထိုးခြင်း
သီဟိုဠ်ကျွန်းကြီးရဲ့ တောင်ဘက် အလယ်ပိုင်းလောက်မှာရှိတဲ့ Uva ပြည်နယ်ထဲက ဟယ်လ်ဒူမူလာ (Haldummulla Estate) နဲ့ အမ်ဘာ (AMBA Estate) ဆိုတဲ့ လက်ဖက်ခြံတွေရဲ့ သစ်တောပုံတူစိုက်ခင်း စီမံကိန်းတွေမှာ ရေရှည်အတွက် စဉ်းစားဆောင်ရွက်ပုံတစ်ခုကလည်း စိတ်ဝင်စားစရာပါ။
လတ်တလောမှာ အခြားသီးနှံတွေ ရောစိုက်လို့ လက်ဖက်အထွက်နှုန်း လျော့ကျသွားခြင်း မရှိဘူးဆိုပေမယ့် သစ်တောပုံတူစိုက်ခင်း အရွယ်ရောက်လာပြီး သဘာဝသစ်တောနဲ့ ဆင်တူလာတာနဲ့အမျှ အရိပ်ရ အပင်တွေ ပိုများလာပြီး လက်ဖက်ပင်တွေအတွက် နေရောင်ခြည် ရရှိမှုက လျော့နည်းလာပြီး လက်ဖက်ရွက်အထွက်နှုန်းက ကျဆင်းလာမှာကို ဟယ်လ်ဒူမူလာနဲ့ အမ်ဘာတို့က ကြိုတွက်ထားကြပါတယ်။ ဒါကြောင့်မို့ လက်ဖက်က လျော့ကျသွားမယ့် ဝင်ငွေကို အစားထိုးနိုင်မယ့် နည်းလမ်းကို ကြိုတင်စဉ်းစားပြီး Analog Forestry ရဲ့ ဒီဇိုင်းထဲမှာ ထည့်သွင်းရေးဆွဲထားပါတယ်။ အဲဒါကတော့ လျော့သွားတဲ့ လက်ဖက်ပင်တွေနေရာမှာ အရိပ်ကြိုက်တဲ့ ကော်ဖီပင်တွေနဲ့ အစားထိုးဖို့ ဖြစ်ပါတယ်။ (လက်ဖက်ပင်က အရိပ် ၂၀ - ၅၀ ရာခိုင်နှုန်းပဲလိုအပ်ပြီး ကော်ဖီပင်ကတော့ အရိပ် ၈၀ ရာခိုင်နှုန်းအထိ လိုအပ်တယ်လို့ ILO က ၂၀၂၀ ခုနှစ်မှာ ထုတ်ဝေတဲ့ Myanmar Tea Cultivation and Processing Guide က ဆိုပါတယ်။)
အမ်ဘာ လက်ဖက်ခြံဟာ ကော်ဖီပင်တွေကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ပြီး စိုက်ပျိုးနေတယ်လို့ ဆိုပါတယ်။ လက်ဖက်ပင် တစ်ဧကမှာ အထူးတန်းဝင် အာရေဗီကာ (Arabica) ကော်ဖီပင် အပင်ရေ ၃၀၀ နှုန်း (၁၈ ပေ x ၈ ပေ) နဲ့ ထည့်သွင်းစိုက်ပျိုးနေတာ ဖြစ်ပါတယ်။ အပင်ရေ ၅၀၀၀ လောက် စိုက်ပျိုးပြီးပြီလို့လည်း သိရပါတယ်။ တချိန်မှာ အပင်ကြီးတွေက အရိပ် အလုံအလောက် ရလာပြီဆိုရင် ကော်ဖီပင်တွေရဲ့ အနီးတဝိုက်က လက်ဖက်ပင်တွေကို ဖယ်ရှားပစ်ပြီး ကော်ဖီပင်ကို အဓိကထားပြီး ဆက်လက်ပြုစုသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ဖက်အထွက်နှုန်း လျော့သွားသည့်တိုင် ဝင်ငွေကတော့ လျော့သွားစရာအကြောင်း မရှိနိုင်ပါဘူး။
တန်ဖိုးမြင့် သီးနှံများ ရွေးချယ်၍ ရောနှောစိုက်ပျိုးခြင်း
Analog Forestry အဖြစ် သဘာဝသစ်တောတွေကို ပုံတူကူးယူစိုက်ပျိုးတဲ့အခါ သဘာဝမှာရှိတဲ့ အပင်အမျိုးအစားတွေနဲ့ သဘာဝတူညီတဲ့ မျိုးစိတ်တွေကို ရွေးချယ်စိုက်ပျိုးကြပါတယ်။ အဲဒီလို ထည့်သွင်းစိုက်ပျိုးဖို့ မျိုးစိတ်တွေ ရွေးချယ်ရာမှာ သဘာဝရဲ့ လိုအပ်ချက်ကို ဦးစားပေးစဉ်းစားသလို တစ်ဖက်မှာလည်း စီးပွားရေးအရ အမြတ်အစွန်း ကြီးကြီးမားမားရနိုင်တဲ့ မျိုးစိတ်တွေကို ရွေးချယ်နိုင်မယ့် အခွင့်အရေးတွေ ရှိနေပါတယ်။ အမ်ဘာလက်ဖက်ခြံက အဲဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချနေတယ်လို့ ဆိုရမှာပါ။
အမ်ဘာရဲ့ လက်ဖက်ခင်းတွေကြားမှာ နွယ်ပင်တွေကို ထည့်သွင်းစိုက်ပျိုးရာမှာ ငရုပ်ကောင်းလိုမျိုး လူတန်းစားပေါင်းစုံ ဝယ်ယူစားသုံးကြတဲ့ (commodity) ထုတ်ကုန်တွေ ထုတ်လုပ်ပေးမယ့် အပင်မျိုးစိတ်တွေကိုသာမကဘဲ ဈေးကောင်းရ အထူးတန်းဝင် ထုတ်ကုန်တွေ ထုတ်လုပ်ပေးနိုင်တဲ့ မျိုးစိတ်တွေကိုလည်း စိုက် ပျိုးထားတာ တွေ့ရပါတယ်။ အထင်ရှားဆုံးကတော့ ဗနီလာ (Vanilla) ပင်တွေ ရောနှောစိုက်ပျိုးထားခြင်းပါ။ ဗနီလာပင်ဟာ သစ်ခွပင်တစ်မျိုးဖြစ်ပြီး ကြီးမားရှည်လျားတဲ့ နွယ်ပင်လည်း ဖြစ်ပါတယ်။ ချောကလက်၊ ကိတ် မုန့်၊ ရေခဲမုန့် စတာတွေ ပြုလုပ်ရာမှာ ဗနီလာအမွှေးနံ့ကို သုံးသလို ရေမွှေးတွေ ဖော်စပ်ရာမှာလည်း အသုံးပြုပါတယ်။ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဟင်းခတ်အမွှေးအကြိုင်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သစ်တောပုံတူစိုက်ခင်းထဲမှာ ဗနီလာကို ရောနှောစိုက်ပျိုးခြင်းအားဖြင့် ဝင်ငွေရရှိမှုက သေချာပေါက် မြင့်မားလာစေမှာ ဖြစ်ပါတယ်။

အထွက်နှုန်းကျမှာ ပူစရာမလို
Analog Forestry ကို လက်တွေ့အကောင်အထည်ဖော်တဲ့အခါ မူလက Monoculture စိုက်ပျိုးထားတဲ့ သီးနှံတွေရဲ့ ထုတ်လုပ်မှု အနည်းငယ်လျော့ကျသွားနိုင်ပေမယ့် ဝင်ငွေအားဖြင့်တော့ လျော့ကျသွားနိုင်စရာမရှိ ဘူးဆိုတာကို သီရိလင်္ကာလက်ဖက်ခြံတွေရဲ့ အတွေ့အကြုံက တဆင့် လေ့လာခွင့် ရရှိခဲ့ပါပြီ။ မြန်မာ့စိုက်ပျိုးရေးသမားများအနေနဲ့လည်း မိမိတို့နဲ့ ကိုက်ညီတဲ့ Analog Forestry ဒီဇိုင်းတွေ ရေးဆွဲပြီး မြေယာကို အကျိုးအရှိဆုံး အသုံးချနိုင်ပါစေ။ ဂေဟစနစ်ကို ပြန်လည် ကောင်းမွန်လာစေခြင်းနဲ့အတူ စီးပွားရေးအကျိုးအမြတ်တွေ ဖြစ် ထွန်းလာနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Related articles
Analog Forestry ၏ စီးပွားရေးအကျိုးအမြတ်များ
Analog Forestry နဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖန်တီးမှု (သီရိလင်္ကာနိုင်ငံ AMBA Estate ၏ လက်တွေ့ဆောင်ရွက်ချက်)
သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်းအကြောင်း မျှဝေဆွေးနွေးပွဲ
Content provider
Inclusive Systems Myanmar
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က မျှဝေသွားပါမည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Khaing Kyi Thit
See all