မီးဖိုချောင်ထဲက ကြက်သွန်ဖြူကိုအသုံးပြုပြီး ဖျက်ပိုးတွေ ပြေးအောင်ပြုလုပ်နည်း (၃)နည်း
မီးဖိုချောင်မှာ မရှိမဖြစ်အသုံးပြုကြရပြီး အရေးပါတဲ့ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်တဲ့ ကြက်သွန်ဖြူဟာ ဟင်းလျာတွေ ချက်ပြုတ်ရာမှာသာမက အပင်နဲ့ စိုက်ခင်းတွေမှာပါ အသုံးပြုလို့ရတာ ဖြစ်ပါတယ်။ အိမ်မှာ သီးနှံစိုက်ခင်းလေးတွေ အလှပန်းပင်တွေ စိုက်ပျိုးထားတဲ့အခါ ပိုး ရောဂါ ကျရောက်တာမျိုး ကြုံတွေ့ရမယ်ဆိုရင် ကြက်သွန်ဖြူကို အသုံးပြုပြီး ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
ကြက်သွန်ဖြူမှာ ပါဝင်နေတဲ့ အဆီဓာတ်တွေနဲ့ သဘာဝဒြပ်ပေါင်းတွေဟာ ပိုးနှိမ်နင်းရာမှာ အဓိကကျတဲ့ အရာတွေဖြစ်ပါတယ်။ အထူးသဖြင့် ကြက်သွန်ဖြူမှာပါဝင်နေတဲ့ ဆာလ်ဖာဒြပ်ပေါင်းတွေဟာ အင်းဆက်တွေရဲ့ အာရုံခံ အစိတ်အပိုင်းတွေကို အနှောက်အယှက် ဖြစ်စေနိုင်ပြီး ပျံသန်းနိုင်တဲ့အင်းဆက်တွေရော တွားသွားတဲ့အင်းဆက်တွေကိုပါ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။
ကြက်သွန်ဖြူဟာ အင်းဆက်ပိုးတွေကို သေသွားစေတာထက် ပိုးတွေမလာအောင် ကာကွယ်ပေးတာမျိုး၊ လှုပ်ရှားသွားလာမှု နည်းသွားစေတာမျိုးနဲ့ အစာစားချင်စိတ် နည်းပါးစေတာမျိုးတွေ ဖြစ်စေတာပါ။ ကြက်သွန်ဖြူကို စိုက်ခင်းတွေမှာ ဘယ်လိုပုံစံနဲ့ အသုံးပြုလို့ရပြီး ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ယခုဆောင်းပါးမှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ကြက်သွန်ဖြူကို စိုက်ခင်းတွေမှာ အသုံးပြုလို့ရတဲ့ နည်းလမ်းတွေ များစွာရှိပေမယ့် ယခုဆောင်းပါးမှာတော့ အလွယ်တကူ အသုံးပြုနိုင်တဲ့ နည်းလမ်း ၃ ခုကိုပဲ ဦးစားပေး မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
အောက်မှာဖော်ပြထားတဲ့ ပါဝင်ပစ္စည်းနှုန်းထားတွေဟာ တနိုင်တပိုင် စိုက်ခင်းငယ်လေးတွေအတွက် ရည်ရွယ်တာဖြစ်ကြောင်း ကြိုတင်အသိပေးလိုပါတယ်။

ကြက်သွန်ဖြူ၊ ဆပ်ပြာအဆီနဲ့ ဟင်းသီးဟင်းရွက်ဆီကို အသုံးပြုပြီး ပြုလုပ်နည်း
- ကြက်သွန်ဖြူ ၁ လုံး
- ကြိတ်စက်
- ရေ သောက်ရေခွက် ၂ ခွက်
- ပန်းကန်ဆေးဆပ်ပြာအဆီ ၁ ဇွန်း
- ဟင်းသီးဟင်းရွက်ဆီ ၂ ဇွန်း
ကြက်သွန်ဖြူကို အခွံခွာပြီး ကြိတ်စက်ထဲ ထည့်ရပါမယ်။ ကြက်သွန်ဖြူကို လုံးဝကြေမွသွားသည်အထိ ကြိတ်ပြီးပါက ရေနဲ့ ဆီကို ထည့်ပေးပြီး မွှေပေးပါ။ ၎င်းအရောအနှောကို ၂၄ နာရီကြာအောင် ထားရှိပြီးနောက် ကြက်သွန်ဖြူ ကြိတ်ဖတ်များကို စစ်ယူပါ။ ရရှိလာတဲ့အရည်ကို ဆေးဖျန်းမယ့်ဗူးထဲထည့်ကာ ဆပ်ပြာအဆီကို ထပ်မံထည့်ပြီး သေချာရောမွှေပေးရပါမယ်။ ပြီးပါက ရရှိလာတဲ့ ဆေးရည် ၁ ဆကို ရေ ၆ ဆ နဲ့ ထပ်မံရောစပ်ပြီးနောက် ပျပိုးကျရောက်နေတဲ့ အပင်တွေမှာ အသုံးပြုနိုင်ပါတယ်။ ဆေးရည်ဖျန်းတဲ့အခါ အရွက်တွေ အကိုင်းအခက်တွေရဲ့ အပေါ် အောက် မျက်နှာပြင်ကို သေချာနှံ့စပ်အောင် ဖျန်းပေးဖို့ လိုအပ်ပါတယ်။ ဒီဆေးရည်ကို ပန်းသီး၊ သစ်တော်သီး၊ နှင်းဆီ၊ တရုတ်နံနံ၊ ပဲပင်များ၊ ဆလပ်၊ သခွား စတဲ့ သီးနှံတွေမှာ အသုံးပြုနိုင်ပါတယ်။ ပျပိုးတွေဟာ အလွန်သေးငယ်ပြီး အပင်ရည်ကို စုပ်ယူစားသုံးကြတဲ့ အဖျက်ပိုးတွေ ဖြစ်ပါတယ်။ ပျပိုးကျရောက်တဲ့အခါ အရွက်၊ ပင်စည်၊ အသီး စတာတွေမှာ ထိခိုက်ပျက်စီးနိုင်ပြီး အထူးသဖြင့် နုနယ်တဲ့ အပင်ငယ်လေးတွေဆိုရင် ပိုပြီးထိခိုက်ပျက်စီးနိုင်တာ ဖြစ်ပါတယ်။ ကြက်သွန်ဖြူမှာဆိုရင် အင်းဆက်တွေကို အဆိပ်ဖြစ်စေတဲ့ ဆာလ်ဖာဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် ပျပိုး အပါအဝင် အခြားသော အဖျက်ပိုးတွေကိုပါ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ကြက်သွန်ဖြူနဲ့ ပန်းကန်ဆေးဆပ်ပြာရည်ကို အသုံးပြုပြီး ပြုလုပ်နည်း
- ကြက်သွန်ဖြူ ၃ လုံး
- ရေ ၁ လီတာ
- ပန်းကန်ဆေးဆပ်ပြာ အရည်
ပထမဦးစွာ ကြက်သွန်ဖြူ အမွှာလေးတွေကို ဖဲ့ထုတ်ပြီး အခွံခွာရပါမယ်။ ပြီးပါက ခွာထားတဲ့ ကြက်သွန်ဖြူကို ကြိတ်စက်ထဲသို့ ထည့်ပါ။ ၎င်းထဲသို့ သောက်ရေခွက် တစ်ခွက်စာလောင်းထည့်ပါ။ (ရေ ၁ လီတာထဲမှ ယူရမှာဖြစ်ပါတယ်) ထို့နောက် ကြက်သွန်ဖြူများ လုံးဝကြေမွသွားသည်အထိ ကြိတ်ပေးပါ။ ပြီးလျှင် ရေ ၁ လီတာထဲမှ ကျန်သော ရေအားလုံးနဲ့ ပန်းကန်ဆေးဆပ်ပြာအရည် ၄ စက် ကို ကြက်သွန်ဖြူကြိတ်ထားတဲ့ ဖျော်ရည်ထဲသို့ ထည့်ပေးပါ။ ထို့နောက် ၎င်းတို့ကို လုံးဝနှံ့စပ်သွားအောင် ထပ်ပြီးမွှေးပေးပါ။ ပြီးလျှင် အမှုန်အမွှားတွေကို ဖယ်ရှားဖို့ ဖျော်ရည်ကို ပိတ်စပါးပါးဖြင့် စစ်ထုတ်ပေးပါ။
စစ်ထုတ်လို့ရရှိပြီးတဲ့ ဖျော်ရည်ကို အပင်တွေမှာ အဖျက်ပိုးတွေ ကျရောက်တဲ့အခါ ဖျန်းလို့ရပြီ ဖြစ်ပါတယ်။ ဆေးဖျန်းတဲ့အခါ ဖျော်ရည် ၁ ဆ ရေ ၁၀ ဆ ရောစပ်ပြီး ဖျန်းပေးရမှာ ဖြစ်ပါတယ်။ ကြက်သွန်ဖြူဖျော်ရည်ကို ပြုလုပ်ပြီး ၂၄ နာရီအတွင်း အသုံးပြုတာကတော့ အထိရောက်ဆုံးဖြစ်ပါတယ်။ ကြက်သွန်ဖြူပိုးနှင်ဆေးဟာ သဘာဝနည်းဖြစ်တာကြောင့် အဆိပ်အတောက်အာနိသင်မရှိဘဲ အဖျက်ပိုးတွေကို ကာကွယ်ပေးနိုင်ပေမယ့် အသုံးပြုပြီးတဲ့နောက် အနီးအနားဝန်းကျင်မှာတော့ ၎င်းရဲ့ပြင်းထန်တဲ့ အနံ့အသက်တော့ ရှိနေနိုင်ပါတယ်။
ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ဖြင့် ပိုးနှင်ဆေး ပြုလုပ်ရာတွင် အသုံးပြုနည်း
- ကြက်သွန်ဖြူ ၁၀ မွှာ
- ငရုတ်သီးတောင့် ၄ - ၅ တောင့်
- ကြက်သွန်နီ ၂ - ၃ လုံး
ပါဝင်ပစ္စည်းတွေကို ကြိတ်ချေပြီး ရေ ၁ လီနဲ့ ရောပါ။ ပြီးလျှင် ၎င်းတို့ကို ပွက်ပွက်ဆူအောင်တည်ပါ။ ပြီးလျှင် ခွက် အလွတ် ၁ လုံးထဲမှာထည့်ပြီး တစ်ညထားရှိပါ။ အသုံးမပြုခင်မှာ ဖျော်ရည်ကို ပိတ်စအပါးနဲ့ စစ်ရမှာ ဖြစ်ပါတယ်။ အသုံးပြုပုံမှာ ဖျော်ရည်ကို အလယ်အလတ် အရွယ်အစားရှိတဲ့ သောက်ရေခွက် ၁ ခွက်လျှင် ရေ ၁၀ လီတာ နှုန်းထားဖြင့် ရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။ အသုံးပြုတဲ့အခါ ဆပ်ပြာအဆီအနည်းငယ် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းဟာ ပျပိုး၊ ဂေါ်ဖီထုပ်မှာကျရောက်တဲ့ ယင်ဖြူ၊ ခူကောင်၊ ပက်ကျိ၊ ခြင်နဲ့ ကျောက်ပိုး တို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ရောဂါအနေနဲ့ဆိုရင် ဒေါင်းနီးရွက်ခြောက်ရောဂါ၊ ရွက်လိပ်ရောဂါ၊ ရွက်စက်ပြောက်ရောဂါ၊ သံချေးရောဂါနဲ့ ပင်နာကျရောဂါတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ နည်းလမ်းတွေဟာ ပါဝင်ပစ္စည်း အနည်းငယ်သာ ကွာခြားမှုရှိပြီး လုပ်ပုံလုပ်နည်းအားလုံး အတူတူပဲ ဖြစ်တာကြောင့် မိမိအဆင်ပြေရာ နည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ကြက်သွန်ဖြူပိုးနှင်ဆေးဟာ ရွေးချယ်ပိုးသတ်ဆေးမဟုတ်တာကြောင့် အဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းတဲ့အခါ စိုက်ခင်းတွေထဲမှာရှိနေတဲ့ အကျိုးပြုအင်းဆက်တွေကိုလည်း အဟန့်အတားဖြစ်စေနိုင်တာကြောင့် သတိပြုပြီး အသုံးပြုသင့်ပါတယ်။
စိုက်ခင်းထဲမှာ အဖျက်ပိုးအနည်းငယ်သာရှိပြီး အပင်တွေမှာ ထိခိုက်ပျက်စီးတာမျိုးမတွေ့ရဘူးဆိုရင်တော့ ပိုးနှင်ဆေးမသုံးသင့်ပဲ သဘာဝအတိုင်း ထားသင့်ပါတယ်။
အကယ်လို့ စိုက်ခင်းထဲမှာ အဖျက်ပိုးတွေ အရေအတွက်များများတွေ့ရမယ်ဆိုရင်တော့ မနက်စောစော (သို့မဟုတ်) ညနေပိုင်းမှာ ဖျန်းပေးနိုင်ပါတယ်။
ဖျန်းတဲ့အခါမှာ အင်းဆက်ပိုးတွေ ခိုအောင်းနိုင်တဲ့ အရွက်အောက်ပိုင်းနဲ့ ပင်စည်တစ်လျှောက်ကို နှံ့စပ်အောင် ဖျန်းပေးသင့်ပါတယ်။
Ref:https://www.backyardboss.net/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ကိုယ်တိုင်လုပ်ပိုးသတ်ဆေးများ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ထူးနိုင်
See all
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
သခွားသီးတွေ ခါးခြင်းကို ဖြစ်စေတဲ့ အချက် (၄) ချက်
21/05/2026
ခိုချေးကို အပင်တွေမှာ အသုံးပြုလို့ရနိုင်ပါသလား..?
12/05/2026
ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး
30/04/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....