Green Way
ကုလားပဲသီးနှံအတွက် အလေးထားရမည့်ပေါင်းမြက်

ကုလားပဲသီးနှံအတွက် အလေးထားရမည့်ပေါင်းမြက်

ဆင်းသီဟ
ဆင်းသီဟ 24/12/2020

    ကုလားပဲသီးနှံတွင် ဒေသအလိုက် ဆောင်းရာသီ တစ်နှစ်ခံပေါင်းမြက်များနှင့် နှစ်ရှည်ခံ ပေါင်းမြက်များ ပေါက်ရောက်နိုင်သည်။ နှံစားသီးနှံ၊ ဆီထွက်သီးနှံများနှင့်မတူဘဲ ကုလားပဲအပါအဝင် ပဲမျိုးစုံသီးနှံများသည် အများအားဖြင့် ပေါင်းပင်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းအားမရှိပါ။ ပေါင်းမြက်ကြောင့် အထွက်ဆုံးရှုံးမှုမှာ ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိရှိကြောင်း လေ့လာသိရှိရပါသည်။

    ကုလားပဲစိုက်ပျိုးပြီး သီတင်း ၄ ပတ်မှ ၆ ပတ်ကာလအတွင်းက အရေးကြီးသည်။ ကုလားပဲပင်က ပေါက်လာသောပေါင်းမြက်ကို ယှဉ်ပြိုင်နိုင်စေလိုသည်။ သို့ဖြစ်၍ ထိုအစောပိုင်း ကာလအတွင်း ပေါင်းမြက်ပင်များ ပေါက်ရောက်ခွင့်လုံးဝမရအောင် သင့်တော်ရာနည်းလမ်းဖြင့် ပေါင်းမြက်ကို ကာကွယ်နှိမ်နင်းရန် လိုပါသည်။

    ကာကွယ်နှိမ်နင်းနည်းစနစ် သုံးခုရှိသည်။ စနစ်တကျ ပေါင်းစပ်အသုံးပြနိုင်လျှင် အကျိုးရှိထိရောက်မှာဖြစ်ပါသည်။

စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းခြင်း

    တစ်တန်းနှင့်တစ်တန်းကို ၃၀ စင်တီမီတာအကွာ ထားရှိစိုက်ပျိုးရန် ထောက်ခံလိုသည်။ ဤအတန်းအပင်အကွာအဝေးသည် ကုလားပဲသီးနှံအတွက် လိုအပ်သည့်အပင်ဦးရေ ပြည့်မီမှုကိုလည်း ထိခိုက်ခြင်းမရှိကြောင်း သိရပါသည်။

    အတန်းကြားများတွင် အပေါ်ယံမြေလွှာကို ကောက်ရိုးဖြင့် ဖြန့်ကြဲဖုံးအုပ်ထားသင့်သည်။ ဤသို့ ‌(Mulching practice) ဆောင်ရွက်ခြင်းဖြင့် ပေါင်းမြက်ပင်များ ပေါက်ရောက်လာနိုင်ခြင်းမရှိအောင် ဟန့်တားထားနိုင်သည်။ ‌ပေါက်လာပါကလည်း ပုံမှန်ကြီးထွားနိုင်ခြင်းမရှိတော့ပါ။ ထို့ပြင် ကုလားပဲအတွက် အစိုဓာတ်ခြောက်သွေ့ခြင်းမရှိအောင် ထိန်းထားနိုင်စေမည်ဖြစ်ပါသည်။

    နောက်တစ်နည်းကတော့ သီးလှည့်စိုက်ပျိုးနည်းစနစ် (Crop Rotation) ဆောင်ရွက်ရေး ဖြစ်သည်။ ကုလားပဲချည်း နှစ်စဉ်ဆက်တိုက်စိုက်ပျိုးလျှင် ကုလားပဲစိုက်ခင်းတွင် ပေါက်ရောက်နေကျ ပေါင်းပင်များက တစ်နှစ်ပြီးတစ်နှစ် ဆက်ကာဆက်ကာ ပေါက်လေ့ရှိသည်။ ထိုပေါင်းမြက်လွှမ်းမိုးကာ ကုလားပဲသီးနှံအထွက်ကို လျော့နည်းစေမှာဖြစ်ပါသည်။

    သီးညှပ်စိုက်ပျိုးနည်းစနစ် (Intercropping practice) ကို ဆောင်ရွက်ခြင်းဖြင့်လည်း ပေါင်းမြက်ပေါက်ရောက်မှုကို လျော့နည်းစေနိုင်သည်။ ကုလားပဲ+နေကြာ၊ ကုလားပဲ+ပြောင်းဖူး-စသည် သီးညှပ်ပုံစံများကို ဆောင်ရွက်နိုင်ပါသည်။ သီးညှပ်စိုက်တော့ တစ်သီးမက နှစ်သီးက ဝင်ငွေရစေသည်။ မြေယာကို အကျိုးရှိစွာအသုံးချခြင်းလည်း မည်ပါသည်။ အပေါ်ယံမြေလွှာအားလုံးကို သီးနှံပင်တွေ၏ ရွက်ဝန်းဧရိယာက ဖုံးအုပ်ထားတာဖြစ်လေတော့ ကုလားပဲကိုဖျက်ဆီးမည့် ပေါင်းမြက်ပင်ပေါက်ရောက်မှုနှင့် ကြီးထွားမှုကို လျော့နည်းစေမည်ဖြစ်ပါသည်။   

    လက်ဖြင့်ပေါင်းနှိမ်နင်းနည်း (Manual Weeding) ကိုလည်း ဆောင်ရွက်ပါ။ လက်ပေါင်း နှိမ်နင်းခြင်းသည် လုပ်သားလုပ်အားလိုသည်။ သို့သော် အပင်ခြေတွင်ပေါက်သော ပေါင်းပင်များကိုပါ နှိမ်နင်းနိုင်တာဖြစ်လို့ ထိရောက်သောနှိမ်နင်းနည်း ဖြစ်ပါသည်။

လယ်ယာသုံးကရိယာအသုံးပြု၍ ကာကွယ်နှိမ်နင်းခြင်း

     စိုက်ပျိုးထားသည့် ကုလားပဲပင် တစ်တန်းနှင့်တစ်တန်းကြားတွင် လက်တွန်း‌ပေါင်းလိုက် ကရိယာအသုံးပြု၍ပေါင်းမြက်များကို နှိမ်နင်းနိုင်သည်။ ကြားတိုက်ထွန်ကိုလည်း သုံးနိုင်သည်။ ကိရိယာကိုအသုံးပြု၍ အတန်းကြားပေါင်းလိုက်ရတာ ထိရောက်သည်။ ကုလားပဲသီးနှံစိုက်ပျိုးရာတွင် ကြဲပက်စိုက်ပျိုးခြင်းမပြုဘဲ အတန်းလိုက်စိုက်ပျိုးဖို့တော့ လိုပါသည်။

    ပေါင်းမြက် လွန်စွာထူပြောခြင်းမရှိလျှင်တော့ အတန်းကြားလိုက်ထွန်အသုံးပြုတာကို ထောက်ခံလိုခြင်းမရှိပါ။ အကြောင်းမှာ ကုလားပဲစိုက်ခင်း၏ မြေအစိုဓာတ်ကို ဆုံးရှုံးမှာစိုးလို့ ဖြစ်ပါသည်။

ဓာတုပေါင်းသတ်ဆေးအသုံးပြု ကာကွယ်နှိမ်နင်းခြင်း

    ကုလားပဲစိုက်ခင်းပေါင်းကို ဓာတုပေါင်းသတ်ဆေးအသုံးပြု၍ ကာကွယ်နှိမ်နင်းနိုင်သည်။ စိုက်ပျိုးသူတောင်သူများသည် ဓာတုပေါင်းသတ်ဆေးသုံးစွဲနည်းကိုတော့ ကြိုတင်လေ့လာ နားလည်ဖို့လိုပါသည်။ ဓာတုပေါင်းသတ်ဆေးသုံးစွဲနည်း မမှန်ပါက ငွေကုန်အကျိုးမရှိဖြစ်မှာ စိုးပါသည်။

    ဓာတုပေါင်းသတ်ဆေးသုံးစွဲနည်းမှန်ပါက ကုလားပဲစိုက်ခင်းတွင် ပေါင်းကင်းစင်ပါမည်။ ပေါင်းသတ်ဆေးကို မည်သည့်အချိန်မှာသုံးစွဲရမည်နည်း၊ မိမိလက်လှမ်းမှီရာဒေသတွင် မည်သည့်ပေါင်းသတ်ဆေးအမျိုးအစားတွေ ဝယ်ယူရရှိနိုင်သနည်း၊ လေ့လာပြီး သင့်တော်မှန်ကန်ရာ ပေါင်းသတ်ဆေးကို သုံးစွဲရန်ဖြစ်ပါသည်။

    ပက်ဖျန်းသည့်အချိန်ပေါ်မူတည်ပြီး ဓာတုပေါင်းသတ်ဆေးအုပ်စု (၃) မျိုးရှိသည်။ ဖေါ်ပြရ လျှင် (၁) မစိုက်မီ (Pre-planting) ဖျန်းရသည့်ပေါင်းသတ်ဆေး၊ (၂) အပင်မပေါက်မီ (Pre-emergence) ဖျန်းရသည့်ပေါင်းသတ်ဆေးနှင့် (၃) အပင်ပေါက်ပြီး (Post-emergence) ဖျန်းရသည့် ပေါင်းသတ်ဆေးဟူ၍ ဖြစ်ပါသည်။

    မစိုက်မီဆိုသည်မှာ ကုလားပဲသီးနှံကိုစိုက်ပျိုးရန် ထွန်ယက်ချိန်တွင် စိုက်ပျိုးမြေမှာ ရောမွှေထားရသောဆေးမျိုး သုံးစွဲခြင်းဖြစ်သည်။ Trifluralin, Triallate နှင့်  Oxyfluorfen ဓာတုအာနိသင်ပါဝင်သော ဆေးတို့ကို Soil treatment အဖြစ် မြေမှာရောမွှေထားခြင်းဖြင့် ပေါင်းမြက်ပေါက်ရောက်မှုကို ကာကွယ်ထားနိုင်ကြောင်း သိရပါသည်။

    ကုလားပဲသီးနှံကိုစိုက်ပြီးပြီ။ သို့သော် ကုလားပဲပင်မပေါက်သေးသလို ပေါင်းမြက်လည်း အပင်မပေါက်သေး။ ထိုအချိန်တွင် စိုက်ပျိုးမြေပေါ် ပက်ဖျန်းရသည့် Pendimethalin, Alachlor နှင့် Tribunil စသည့်ဓာတုအာနိသင်ပါဝင်သော ဆေးတို့ကို အသုံးပြုနိုင်ကြောင်း သိရသည်။ ကုလားပဲပင်ရော ပေါင်းပင်ပါမပေါက်မီ မြေပေါ်ပက်ဖျန်းခြင်းဖြင့် ပေါင်းမြက်ပေါက်ရောက်မှုကို ကာကွယ်နိုင်ကြောင်း အသိပေးလိုပါသည်။

    နောက်တစ်မျိုးမှာ ကုလားပဲပင်ပေါက်ပြီ၊ ပေါင်းမြက်ပင်များလည်းပေါက်ပြီ၊ ထိုအချိန်တွင် ဖျန်းရသည့် ဆေးအမျိုးအစားလည်းရှိသေးသည်။ Prometryne နှင့် Methabenzthiazuron စသည် ဓာတုအာနိသင်ပါဝင်သော ဆေးတို့ဖြစ်သည်။ ဆေးနှုန်းထားမှန်ကန်ဖို့လိုသည်။ နည်းစနစ်မှန်ဖို့လိုပါသည်။ 

    ကုလားပဲသီးနှံတွင် ဒေသအလိုက်ပေါက်ရောက်သော ပေါင်းမြက်များကို မှန်ကန်သောနည်းစနစ်များဖြင့် ကာကွယ်နှိမ်နင်းရန် ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Continue reading related topics, questions and articles.

1
ညီညီ

ညီညီ

5 years ago

ပေါင်းမြက်ဟူသည်က စိုက်ပျိုးရေး၏ ရန်သူမဟုတ်ပါ။အရေးပါသော မိတ်ဆွေဖြစ်သည်။စိုက်ပျိုးမြေတစ်ခု၏ သွင်ပြင်လက္ခဏာလည်းဖြစ်သည်။ပေါင်းမြက်သည် အပေါ်ယံမြေလွှာ၏ ရေထိန်းသိမ်းစနစ်လည်ဖြစ်သည်။စိုက်ပျိုးရေးသမားတို့သည် ပေါင်မြက်အလွန်အားကောင်းသော မြေယာများတွင် အပင်စိုက်ပျိုးလျင် ပိုမိုကောင်းမွန်သော အောင်မြင်ဖြစ်ထွန်းခြင်းကို တွေ့ရပါမည်။ပေါင်းမြက်အားကောင်းလျှင် မြေယာပြင်ဆင်ထွန်ယက်ပုံကို စနစ်ချ၍ပြုလုပ်သင့်ပါသည်။အများအားဖြင့် အပင်တန်းကြားတွင်စုလုံး၍အတန်းလိုက်အနေအထား ပုံထားလိုက်ခြင်း။ထွန်ယက်ရာတွင် အချိန်ကြိုတင်ယူ၍ ပေါင်းသေရန်အတွက် ပထမအကြိမ် ထည်ကို အကြမ်းသဘောထွန်ယက်၍မြေကို ပေါင်းပင်နုများပြပေါက်သည်အထိ နှပ်၍ထားခြင်း၊ ထိုနောက် စိုက်ပျိုးရန်မြေညက်သည်ထိ ပြန်လည်၍အချောထွန်ယက်ခြင်းစသော အနုစိပ်သုံးသပ်ဆောင်ရွက်ခြင်း၊စသောအချက်တို့သည် ပေါင်းမြက်မြေဇာများထူထပ်သော နေရာများတွင် သတိပြုရသော အချက်များဖြစ်သည်။

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....